ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆု​ပေးပွဲနှင့် ဟောပြောပွဲ ပြုလုပ်

ဖြူး သြဂုတ် ၁၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာရေးလမ်း အ.လ.က (ခွဲ)ကျောင်းရှိ ကျောင်းသား/ကျောင်းသူများအားဖိတ်ခေါ်၍ စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ၊ ဆု​ပေးပွဲနှင့်ဟောပြောပွဲကို သြဂုတ်လ(၁၈)ရက်နေ့၊ နံနက်(၁၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community  Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်ကျောင်းသား/ကျောင်းသူများအား ဖြူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဒေါ်အိမာဟိန်းက သဘာဝဘေးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောပြီး စာလုံးပေါင်းသတ်ပုံပြိုင်ပွဲ စည်းမျဉ်း၊ စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၉)ဦးက စာလုံးပေါင်းသတ်ပုံပြိုင်ပွဲအဖြေမှန်များအားဖြေဆိုကြရာ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ဂုဏ်ပြုမှတ်တမ်းလွှာများနှင့်ဆုလက် ဆောင်များ ချီးမြှင့်ပေးကြကြောင်းသိရသည်။

နေမျိုးလွင်(ပြန်/ဆက်)