မင်းဘူး(စကု)မြို့နယ် တောင်မန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မင်းဘူး ဩဂုတ် ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ အခြေခံပညာဦးစီဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်းကာ တောင်မန်းကျေးရွာအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ယမန်နေ့နံနက် ၉ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်‌ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တောင်မန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ပြုံးပြုံးနိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းရင်းဆေးပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ညိုညိုသန့်က လူသားများသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ သဘောလေးခုမျှတစွာ နေထိုင်ကြရခြင်း၊ ထို့အပြင် ပထဝီ၊ တေဇော၊ အာပေါ၊ ဝါယောဟူသော ဓာတ်ကြီးလေးပါးမျှတနေသမျှစွာ နေထိုင်ရခြင်း၊ တိုင်းရင်းဆေးပညာ၏ အခြေခံသဘောတရားများဖြစ်သည့် ချို၊ ချဉ်၊ ငန်၊ စပ်၊ ခါး၊ ဖန် အရသာခြောက်ပါးကို ညီညွတ်မျှတစွာ စားသုံးပေးခြင်းဖြင့် သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ခြင်းတို့ကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစာ၏ အခြေခံသဘောတရားများကိုပြောကြားကာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ချိုချိုဝင်းက ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ အသိပညာဗဟုသုတရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးတို့အတွက် သိသင့်သိထိုက်သည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)