ပုသိမ် ဩဂုတ် ၁၅
၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
ဉီးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဘောလုံးအားကစားနည်းသည် လူကြီး၊ လူငယ်၊ အမျိုးသား၊ အမျိုးသမီးမရွေး ကမ္ဘာနှင့်အဝှမ်း စိတ်ပါဝင်စားပြီး အားပေးချီးမြှင့်မှု အများဆုံးဖြစ်သည့် အားကစားနည်းတစ်ရပ်ဖြစ်ပါကြောင်း၊ ယခု ပြိုင်ပွဲဝင်အသင်းများမှ ဘောလုံးအားကစားသမားများအနေဖြင့် အားကစားသမားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်လာနိုင်စေရေး အစရှိသည့် ရည်ရွယ်ချက်များအပြင် အခြေခံပညာကျောင်းများမှ ထူးချွန်ထက်မြက်သည့် ဘောလုံးအားကစားသမားကောင်းများ ပေါ်ထွက်လာစေရေးကိုရည်ရွယ်ပြီး ကျင်းပပြုလုပ်သည့် ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများဟာ အားကစားသမားကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ယခုပြိုင်ပွဲကို ကြီးကြပ်ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများအနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်း/စည်းကမ်းများ ပြိုင်ပွဲဥပဒေများအတိုင်း တိတိကျကျ ဆုံးဖြတ်ကြီးကြပ်ပေးကြရန်လည်းလိုပါကြောင်း၊ အားကစားသမားများသည် ယခုပြိုင်ပွဲမှတစ်ဆင့် မိမိတို့၏ခရိုင်၊ မိမိတို့တိုင်းဒေသကြီး၏ ဂုဏ်ကိုဆောင်နိုင်ပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများ ဖြစ်အောင်ကြိုးစားသွားကြရန်" တိုက်တွန်းမှာကြားပြီး “၂၀၂၅ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ”အားဖွင့်လှစ်ပေးကာ ပြိုင်ပွဲဝင်အသင်းများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ပြီး ပြိုင်ပွဲဝင်အသင်းများအား ဘောလုံးများနှင့် အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်တီးဝိုင်းအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက တိုင်းဒေသကြီးဝန်ကြီးချုပ်အား အလေးပြုခဲ့ကြပြီးနောက် အားကစားသစ္စာအဓိဌာန် (၄) ချက်အားရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့် လပွတ္တာခရိုင်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ၂၀၂၅ ခုနှစ်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလားခရိုင်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ယခုလ (၁၄) ရက်နေ့မှ (၂၅) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
လှမင်းထွဋ် (ပြန်/ဆက်)