နတ်မောက် ဩဂုတ် ၁၃
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက စိုင်ကောင်းကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဆဋ္ဌမအကြိမ် ထုတ်ချေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာ စီမံကိန်း၏ရည်ရွယ်ချက်၊ အကျိုးကျေးဇူးနှင့် စီမံကိန်းလက်စွဲစာစောင်ပါ စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားပြီး စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် (၃၆ ဒသမ ၀၀) သန်းအား ကျေးရွာ မြစိမ်းရောင် စီမံကိန်းအဖွဲ့ဝင်များထံ လွှဲပြောင်းပေးအပ်သည်။
ထို့နောက် မြစိမ်းရောင်စီမံကိန်း ဆဋ္ဌမအကြိမ် ချေးငွေထုတ်ချေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၁၁၂) ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၉၄) ဦး၊ အရောင်းအဝယ်လုပ်ကိုင်သူ (၁) ဦး စုစုပေါင်းအသင်းသား (၂၀၇) ဦးတို့အတွက် အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၃၆ ဒသမ ၀၀)သန်းအား ကျေးရွာ မြစိမ်း ရောင်စီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များက နေ့ချင်းပြီးထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
မူမူစန်း