မကွေးမြို့တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး လှုပ်ရှားမူ၊ စံပြမိခင်ပြိုင်ပွဲကျင်းပ

မကွေး ဩဂုတ် ၁၃

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ (၂၀၂၅)ခုနှစ်၊ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး ရက်သတ္တပတ်လှုပ်ရှားမူ၊ စံပြမိခင်ပြိုင်ပွဲ အခမ်းအနားကို ဩဂုတ်လ ၁၀ ရက်နေ့ နံနက် ၁၀ အချိန်က မိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဝင်းဝင်းမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာအောင်မြင့်ဦး၊ မကွေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အမှုဆောင်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်များမှ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်သည်။

ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ခိုင်မြင့်ဇင်က အာဟာရ ရက်သတ္တပတ် အခမ်းအနားပြုလုပ်ရခြင်းရည်ရွယ်ချက်များ၊ မိခင်နို့ စနစ်တကျတိုက်ကျွေးခြင်းနှင့် မိခင်နို့၏ အာဟာရတန်ဖိုးများအကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့ပြီး တက်ရောက်လာကြသော မိခင်နှင့်ကလေးငယ်များအား တိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့၀င်များက ကြက်ဥ၊ ငှက်ပျောသီး၊ ကိုယ်၀န်‌ဆောင်အားဆေး၊ အိုင်အိုဒင်းဆား၊ ဆေးစိမ်ခြင်‌ထောင်နှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကိုယ်၀န်‌ ဆောင်မိခင်များအား အာဟာရပြည့်ဝသော နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ တိုင်းဒေသကြီးအနေဖြင့် အပတ်စဉ် အာဟာရဖွံဖြိုးရေးလှုပ်ရှားမှုများအား ဩဂုတ်လတစ်လလုံး တိုင်းဒေသကြီးအဆင့်မှစ၍ ကျေးရွာများအထိ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်ဆက်)