လွိုင်ကော် ဩဂုတ် ၁၃
ကယားပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ကြီးကြပ်ဆောင်ရွက်သည့် ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကယားသဇင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ ရှေးဦးပြုစုခြင်း၏ အရေးပါပုံကိုသိရှိပြီး ရှေးဦးပြုစုခြင်းအတတ်ပညာဖြင့် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာရသူများ၊ နာမကျန်းဖြစ်သူများကို ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများထံသို့ မရောက်မီရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ သက်သာစေရန် ရှေးဦးဆောင်ရွက်သည့် အတတ်ပညာဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ကြက်ခြေနီစေတနာ့ဝန်ထမ်းများ ပိုမိုတိုးပွားလာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် မိမိပတ်ဝန်းကျင်တွင် သဘာဝဘေးအန္တရာယ်အမျိုးမျိုးနှင့် အသက်အန္တရာယ်များ ကြုံတွေ့လာပါက ရှေးဦးပြုစုခြင်း အတတ်ပညာဖြင့် စေတနာ့ဝန်ထမ်း၊ လူမှုဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ကူညီဆောင်ရွက်နိုင်ရန်ဖြစ်ပါကြောင်း၊ သင်တန်းမှရရှိခဲ့သည့် ရှေးဦးပြုစုခြင်း အတတ်ပညာများကိုလည်း မိမိပတ်ဝန်းကျင် ပြည်သူများသို့ လက်ဆင့်ကမ်းအသိပညာပေး ဆောင်ရွက်သွားကြစေလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းအတွက် ရှေးဦးပြုစုခြင်းစာအုပ်နှင့် First Aid Kit များအတွက် ချီးမြှင့်ငွေများပေးအပ်ရာ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌက လက်ခံရယူခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၊ ပို့ချမည့် ဘာသာရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ သင်တန်းဖွင့်လှစ်မည့် ကျောင်းများကိုယ်စား နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးပြီး သင်တန်းသား၊ သင်တန်းသူများက အသက်ရှူအားကူနည်း(CPR)များ လက်တွေ့သရုပ်ပြသနေခြင်း၊ ဦးခေါင်း၊ ထိခိုက်ဒဏ်ရာနှင့် အရိုးကျိုးဒဏ်ရာများအတွက် ပတ်တီးစည်းနည်းသရုပ်ပြသခြင်းကို ကြည့်ရှုအားပေးပြီး ခင်းကျင်းပြသထားသည့် ကြက်ခြေနီပြခန်းကို လှည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြသည်။ အဆိုပါပြခန်းသို့ သင်တန်းတက်ရောက်သည့် သင်တန်းသား၊ သင်တန်းသူများကလည်း ကြည့်ရှုအားပေးပြီး ကြက်ခြေနီတပ်ဖွဲ့ဝင်များက အသိပညာပေးလက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်များ ဖြန့်ဝေပေးခဲ့သည်။
အဆိုပါသင်တန်းကို လွိုင်ကော်ပညာရေးဒီဂရီကောလိပ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အခြေခံပညာကျောင်း ၇ ကျောင်းတို့မှ ကျောင်းသားကျောင်းသူ ၄၄၇ ဦးအား သင်တန်း ၁၀ ကြိမ်ခွဲ၍ ပို့ချသင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)