ပွင့်ဖြူမြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းများ ဖွင့်လှစ်ပို့ချ

ပွင့်ဖြူ ဩဂုတ် ၁၂

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၅ - ၂၀၂၆ ဘဏ္ဍာနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း (RBF)လုပ်ငန်းများနှင့်ပတ်သက်သည့် ဝင်ငွေတိုးလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ဖွင့်လှစ်သည့် စီမံကိန်းလုပ်ငန်းဆိုင်ရာ ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ဒေသခံကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန်၊ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန်နှင့် ကျေးရွာများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာပြီး လူနေမှုဘဝမြင့်မားလာစေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းများနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) စီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ စီမံကိန်းအလိုက် မူဘောင်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချမည့် ငွေစာရင်းထိန်းသိမ်းနည်းစနစ်များကို ဂရုတစ်စိုက် လေ့လာသင်ယူသွားကြရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် သင်တန်းကို ဖွင့်လှစ်ကာ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဦးစီးအရာရှိ ဒေါ်ပြည့်ဖြိုးကျော်တို့က စီမံကိန်းတွင်ပါဝင်သည့် ငွေစာရင်းဇယားပြုစုထိန်းသိမ်းနည်းစနစ်များကို စာတွေ့၊ လက်တွေ့  ပို့ချသင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းကို ပွင့်ဖြူမြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းလုပ်ငန်းစီမံကိန်း(RBF) အကောင်အထည်ဖော်ဆောင်ရွက်မည့် ရွှေဘိုရွာသစ်ကျေးရွာနှင့် စံပြကျေးရွာတို့မှ စီမံကိန်းကော်မတီဝင် (၁၂) ဦး တက်ရောက်သင်ကြားခဲ့ပြီး သင်တန်းအား နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပို့ချ သင်ကြားပေးခဲ့ကြောင်း သိရသည်။ 

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)