ချောက် ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ သွေးလွန်တုပ်ကွေးရောဂါကင်းဝေးစေရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ချောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးတို့တွင် ဆောင်ရွက်ရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလွင်နှင့် ကော်မတီဝင်များ၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဒေါ်ဝင်းမာသိန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးပြီး ပိုးလောက်လန်း ပေါက်ပွားမှုမရှိစေရေး ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များအတွင်းသို့ အဘိတ်ဆေးခပ်ခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကိုများ ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းအဖွဲ့က ခြင်ကြောင့် ဖြစ်ပွားနိုင်သော သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေး၊ ပိုးလောက်လန်းပေါက်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက်ဈေးနှင့် ကျောင်းပတ်ဝန်းကျင်ရှိ ခြင်ခိုအောင်းနိုင်သောနေရာများ၊ ဌာနဆိုင်ရာရုံးများ၊ ရေတင်ကျန်နိုင်သော ဘူးခွက်များ၊ ရေပုံး၊ ရေအိုးများ၊ ဘုရားပန်းအိုးများကို ဖုံး ၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်၍ ရေတိုင်ကီ၊ ကျောက်စည်ပိုင်း၊ အုတ်ရေကန်များ အတွင်းအဘိတ်ဆေးခပ်ခြင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများကို စုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)