ကျိုက်လတ် သြဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းအောင်နှင့်အဖွဲ့ဝင်များက ရွေးကောက်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ရွေးကောက်ပွဲကာလအတွင်း ဆောင်ရွက်ရမည့်အချက်များ၊ မဲပေးပြီး လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မဲစာရင်းနှင့်လူဦးရေစာရင်းများကို မှန်ကန်မှုရှိစေရေး၊ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးကိစ္စများ အတွက်ဆောင်ရွက်ထားရှိမည့် အခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးကြည်က ရွေးကောက်ပွဲကျင်းပဆောင်ရွက်မည့် အခြေအနေများနှင့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် မဲပေးဆောင်ရွက်မည့်အခြေအနေမျာအား ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေး ဝန်ထမ်းများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့ပြီး ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှိုင်မင်းအောင်