စစ်တွေ ဩဂုတ် ၁၁
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် ငါးဆေးထိုး သားဖောက်သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် အဖွဲ့ဝင်များတက်ရောက်ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ရခိုင်ပြည်နယ်သည် ရှည်လျားသော ကမ်းရိုးတန်းဒေသကို ပိုင်ဆိုင်ထားပြီး ငါး၊ ပုစွန်သယံဇာတပေါကြွယ်ဝသော ဒေသတစ်ခုဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ရေလုပ်ငန်း၊ ငါးလုပ်ငန်းကဏ္ဍအနေဖြင့် ကမ်းနီး ကမ်းဝေးငါးဖမ်းလုပ်ငန်းများက ငါး၊ ပုစွန်များ ဖမ်းဆီးထုတ်လုပ်နိုင်သကဲ့သို့ မွေးမြူရေးကဏ္ဍ မှလည်း ငါး၊ပုစွန်များမွေးမြူထုတ်လုပ်နိုင်သည့်အတွက် ပြည်တွင်းငါးစားသုံးမှုကို ဖူလုံစေရန်သာမက ပြည်ပနိုင်ငံများအထိ တင်ပို့နိုင်သည့်အတွက် နိုင်ငံတော်၏ နိုင်ငံခြားဝင်ငွေ ရရှိရေးကိုလည်းများစွာ အထောက်အကူပြုပေးလျက်ရှိကြောင်း၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသန ပြုထားရှိခြင်း၏ ရလဒ်အရ ရေပေါ်ရေအောက်နေငါးများမှာ လျော့နည်းသွားပြီဖြစ်ကြောင်း သိရှိရသည့်အတွက် သဘာဝမှအလွန်အကျွံ ဖမ်းဆီးထုတ်လုပ်ခြင်းထက် မွေးမြူရေးကဏ္ဍမှ မွေးမြူထုတ်လုပ်နိုင်ရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့်လည်း အမျိုးသားအဆင့် ငါးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ ချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ စစ်တွေမြို့နယ်တွင် ငါး၊ ပုစွန်မွေးမြူသည့် ၅၀၀၈ ဒသမ ၃၆ ဧကရှိပြီး ရေချိုအရင်းအမြစ်များလည်း ရှိသည့်အတွက် ရေချိုငါး၊ ပုစွန်များမွေးမြူနိုင်ရန်အခွင့်အလမ်းများရှိသည်ကို တွေ့ရကြောင်း၊ ထို့ကြောင့်လိုအပ်သည့် ရေချိုငါး သားပေါက်များထုတ်လုပ်နိုင်ရန် ယခုကဲ့သို့ ငါးဆေးထိုးသားဖောက်သင်တန်းများကို ငါးလုပ်ငန်း ဦးစီးဌာနအပြင် အများပြည်သူများပါ တတ်သိနားလည်ထုတ်လုပ်လာနိုင်ရန် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းတွင် ငါးမြစ်ချင်း ငါးတစ်မျိုးကို ဆေးထိုးသားဖောက်ခြင်းအား စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း၊ ငါးမြစ်ချင်းငါးသည် ပြည်တွင်းစားသုံးမှုအပြင် ပြည်ပနိုင်ငံများကို အဓိကတင်ပို့သည့် ငါးတစ်မျိုးဖြစ်ကြောင်း၊ အထူးသဖြင့် ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘင်္ဂလားဒေရှ့်နိုင်ငံကို စစ်တွေမှ နယ်စပ်ကုန်သွယ်ရေးစနစ်ဖြင့် တန်ချိန်များစွာကို တင်ပို့နိုင်ခဲ့ပြီး ပြည်ပဈေးကွက်ရှိသော ငါးမြစ်ချင်းငါးကို ရခိုင်ပြည်နယ်အတွင်း မွေးမြူထုတ်လုပ်လာနိုင်အောင် ရည်ရွယ်ကာ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ထို့ပြင် ယခုသင်တန်းတွင် ငါးမွေးတောင်သူများအပြင် စစ်တွေတက္ကသိုလ်မှ သတ္တဗေဒဌာနနှင့် အဏ္ဏဝသိပ္ပံဌာနတို့မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများပါ တက်ရောက်ကြပြီး သင်ယူလေ့လာဆွေးနွေးကြမည်ဟု သိရှိရသည့်အတွက် အလွန်ကောင်းမွန်သည့် ပူးပေါင်း ဆောင်ရွက်မှု တစ်ခုဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း သင်တန်းမှရရှိသော အသိပညာများ၊ အချက်အလက်များကို သုတေသနစာတမ်းများ ရေးသားပြုစုရန်အတွက် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ ဌာနများနှင့် တက္ကသိုလ်များ ပူးပေါင်းဆောင်ရွက်ပြီး သုတေသနရလဒ်များကို အခြေခံကာ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ယခုထက်မကပိုမို စီမံဆောင်ရွက်နိုင်ကြရန်ပြောကြားသည်။
ထို့နောက် ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ပို့ချမည့် ငါးဆေးထိုးသားဖောက်ဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မျိုးငါးများကို သားဖောက်ရန်ဆေးထိုးနေမှုနှင့် ငါးများ ခင်းကျင်းပြသထားမှုကို လှည့်လည်ကြည့်ရှုသည်။
မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် (၇/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားရာ နိုင်ငံတော်အကြီးအကဲ၏ ဇူလိုင် ၃၀ ရက်က မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်စဉ်သမိုင်းအပေါ် သုံးသပ်ဆွေးနွေးချက်များ၊ နိုင်ငံ၏ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စီးပွားရေးကဏ္ဍများ ဆောင်ရွက်နေမှုအပေါ်မိန့်မှာချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ရခိုင်ပြည်နယ်သူ၊ ပြည်နယ်သားများ ဘေးအန္တရာယ်ကင်းဝေးစေရန်အလို့ငှာ သဲဖြူတောရဓမ္မရိပ်သာနှင့် မဟာမြိုင်တောရဓမ္မရိပ် ဦးစီးပဓာနနာယက ဆရာတော်ကြီး ဘဒ္ဒန္တပညာဇောတမထေရ်မြတ်နှင့် တပည့်တကာ၊ တကာမများက ဌာနဆိုင်ရာဝန်ထမ်းများအား ဒံပေါက်နှင့် ကြက်ဥများထောက်ပံ့လှူဒါန်းခြင်း ယာယီနေရပ်စွန့်ခွာစုရပ်များမှ ပြည်သူများအား ဒံပေါက်နှင့် တိုင်ရင်းဆေးများလှူဒါန်းခြင်း၊ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံနှင့် ဗလာစာအုပ်များလှူဒါန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ အလားတူ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ သက်သာချောင်ချိရေးအတွက် ဆန်နှင့်စားသောက်ကုန်ပစ္စည်းများ ချီးမြှင့်ပေးအပ် နေသည့်အပြင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဆန်နှင့်စားသောက်ဖွေရာများ ချီးမြှင့်ခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင်ယာယီနေရပ်စွန့်ခွာ ပြည်သူများကိုလည်း ကူညီလျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာမည်ဖြစ်သည့်အတွက် ရုံးပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ရုံးများဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ကြရန်နှင့် ရုံးလုပ်ငန်းများစနစ်တကျ ဖြစ်စေရေးအတွက် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များကို အလေးထားလိုက်နာ ဆောင်ရွက် ကြရန်ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ဝန်ကြီးဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာ မိမိတို့ဌာနအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာ စကား ပြောကြားခဲ့သည်။
တင်ထွန်း(ပြန်/ဆက်)၊ ဓာတ်ပုံ- ဝင်းမင်းစိုး