လဟယ်မြို့တွင် အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ် (၂/၂၀၂၅) ဖွင့်ပွဲကျင်းပ

လဟယ် ဩဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်း အမှတ်စဉ်(၂/၂၀၂၅)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် လဟယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာနာဂဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် မြို့ပြနှင့်ကျေးလက်ဒေသများတွင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းများ ထူ‌ထောင်ရန်လိုအပ်သော အ‌သက် မွေးဝမ်းကြောင်းအတက်ပညာများ သင်ကြားပို့ချခြင်းအပြင် နည်းပညာအရင်းအနီးနှင့် ဈေးကွက်ရရှိအောင် ဆောင်ရွက်ပေးခြင်း၊ ကျေးလက်နှင့် မြို့ပြနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေပြီး ကိုယ်ပိုင်လုပ်ငန်းများ၊ နည်းပညာရှင်များအဖြစ်သို့ ရပ်တည်နိုင်စေရန် လျှပ်စစ်ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်ရေး၊ လူနေမှုဘဝမြင့်မားလာစေရန်နှင့်ဆင်းရဲနွမ်းပါးမှုကို လျော့ချစေရန်အတွက် အသက်မွေးဝမ်းကြောင်းနှင့်ပတ်သက်သည့် သင်တန်းများ ဖွင့်လှစ်‌ပေးရခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ၎င်းနောက်နာဂဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဒေသဦးစီးမှူး ဦးဖြိုးမောင်မောင်တို့က သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ထောက်ပံ့ပေးအပ်သည်။

အဆိုပါ အခြေခံလျှပ်စစ်သွယ်တန်းမှု နည်းပညာသင်တန်းအမှတ်စဉ် (၂/၂၀၂၅) သင်တန်းကို (၁၁-၈-၂၀၂၅) မှ (၂၅-၈-၂၀၂၅)ရက်အထိ (၁၅)ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပြီး စာတွေ့ (၃၀ %) လက်တွေ့(၇၀ %) သင်ကြားပေးမည်ဖြစ်ပြီး သင်ကြား‌ပေးမည့် ဘာသာရပ်များမှာ လျှပ်စစ်ဓါတ်အကြောင်း လျှပ်စစ်ဝါယာရိန်းပစ္စည်းများ ဝါယာရိန်းသွယ်တန်းပုံသရုပ်ပြသခြင်း၊ ဝါယာအရွယ်အစားရွေးချယ်ခြင်းနှင့် ကာကွယ်ေရးပစ္စည်းများရွေးချယ်ခြင်းစသည့် ဘာသာရပ်ကိုတို့ သင်ကြားပေးသွားမည်ဖြစ်ပြီး အဆိုပါသင်တန်းတွင် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦး တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသူများ သင်တန်းသား/သူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူး ပါသည်။

မြို့နယ်(ပြန်/ဆက်)