ပခုက္ကူ ဩဂုတ် ၁၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ တစ်ပိုင်တစ်နိုင်အဖြစ် ပန်းမျိုးစုံစိုက်ပျိုးရောင်းချသူများ နေ့စဉ်မိသားစုအပိုဝင်ငွေရရှိပြီး လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိထားလုပ်ကိုင်လျက်ရှိပြီး ရာသီအလိုက်သီးနှံများနှင့် သီးထပ်သီညှပ်စားသုံးသီးနှံများအပြင် ပန်းမျိုးစုံကိုလည်း တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်းအဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်း၊ ဂန္ဓာမာပန်း၊ သရေပန်း၊ သပြေ၊ နှင်းဆီပန်း၊ မေမြို့ပန်း၊ ရက်တစ်ရာပန်း၊ သစ္စာပန်း၊ ကြာပန်း၊ စံပယ်ပန်း၊ စကားဝါပန်း စသည့် ပန်းမျိုးစုံစိုက်ပျိုးကြကြောင်း၊ အဆိုပါပန်းများမှာ ဘုရားပန်းများအဖြစ်လည်းကောင်း၊ သက်ကြီးဘိုးဘွား၊ ဆွေမျိုးမိတ်ဆွေများအား လက်ဆောင်အဖြစ်ပေးရန်သော်လည်းကောင်း၊ ကျက်သရေရှိသော အမျိုးသမီးများက ပန်းပန်ရန်အတွက်လည်းကောင်း ဝယ်ယူလေ့ရှိကြပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်ထွန်းလျက်ရှိကြောင်း၊ ပန်းအမျိုးအစားပေါ်မူတည်ပြီး ရင်းနှီးကုန်ကျစရိတ်ကွာခြားသော်လည်း စိုက်ပျိုးမှုအောင်မြင်ထွန်းပါက အကျိုးအမြတ်များစွာရရှိကြောင်း၊ ရောင်းချရာတွင်လည်း ပန်းအမျိုးအစားအလိုက် ဈေးနှုန်းကွာခြားလျက်ရှိကြောင်း၊ လက်ရှိတွင် ဂန္ဓာမာပန်းလေးခိုင်ပါတစ်စည်းကို ငွေကျပ် ၂၀၀၀မှ ၂၅၀၀၊ နှင်းဆီပန်း သုံးပွင့်ပါတစ်စည်းကို ငွေကျပ် ၁၀၀၀၊ ရက်တစ်ရာပန်းတစ်ပင်ကို ငွေကျပ် ၅၀၀မှ ၂၀၀၀၊ သပြေပန်းတစ်ပင်ကို ငွေကျပ် ၅၀၀မှ ၃၀၀၀ စသည်ဖြင့် ဈေးနှုန်းအသီးသီးရှိကြောင်း ပခုက္ကူမြို့၊ အမှတ်(၁)စည်ပင်သာယာမြို့မဈေးကြီး၌ လက်လီစနစ်ဖြင့် ပန်းမျိုးစုံရောင်းချသူတစ်ဦးထံက သိရသည်။
ဘာမီသာ