မင်းဘူး(စကု)မြို့နယ်၌ ငှက်ပျောပင်များ စိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ၍အဆင်ပြေ

မင်းဘူး ဩဂုတ် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းနေထိုင်ကြသည့် ဒေသခံပြည်သူများသည် နှစ်တို၊ နှစ်ရှည်ပင်များ စိုက်ပျိုးခြင်း၊ မွေးမြူရေးလုပ်ငန်းများအပြင် မိသားစုအပိုဝင်ငွေရရှိစေရန်အတွက် ငှက်ပျောပင်စိုက်ပျိုးခြင်းကိုလည်း လုပ်ကိုင်ကြသည်။

ထိုသို့စိုက်ပျိုးရာတွင် ဒေသအခေါ်သူငယ်စာသီး၊ ရခိုင်သီး၊ သီးမွှေးငှက်ပျောနှင့် ဖီးကြမ်းသီးပင်များအား မိသားစုအပိုဝင်ငွေရရှိရေးအတွက် နေအိမ်ခြံဝင်းများအတွင်း၌လည်းကောင်း၊ ဥယျာဉ်ခြံမြေများတွင်လည်းကောင်း စိုက်ပျိုးလျက်ရှိသည်။ သူငယ်စာသီးမှာ ဖီးကြမ်းငှက်ပျောနှင့် ဆင်ဆင်တူပြီး၊ သူငယ်စာတစ်ခိုင် သားတစ်ထိုင်ဆိုသည့်အတိုင်း ငှက်ပျောခိုင်တစ်ခိုင်ဆိုလျှင် (၆)လ၊ (၇)လ၊ ကြာမြင့်သည့်အပြင် အသီးသေး၍ ဈေးနည်းသောကြောင့် စိုက်ပျိုးသူ နည်းသည်။

ရခိုင်ငှက်ပျောသီးမှာ အလှူပွဲ၊ မင်္ဂလာပွဲ၊ ဘုရားပွဲ၊ ကျောင်းပွဲ၊ နတ်ပွဲ၊ အိမ်တက်ပွဲစသည်ဖြင့် သုံးစွဲသူများကာ စားသုံးသူလည်းများသဖြင့် တစ်ဖီးလျှင် ၃,၅၀၀/-၊ ၄,၀၀၀/- ကျပ်အထိ ဈေးရရှိသည်။ ဖီးကြမ်းငှက်ပျောသီး ဈေးမှာ ၄,၀၀၀/- ကျပ်ဖြစ်ပြီး  အလုံးကြီးသည့်အပြင် အားရှိသောကြောင့်  လူမမာများဓာတ်စာအဖြစ်လည်း စားသုံးကြသည်။ ငှက်ပျောသီးများအား ငှက်ပျောခြံအတွင်း လာရောက်ဝယ်ယူသူများရှိသလို ဈေးဆိုင်များအရောက် ဖောက်သည်ပေး၍ ရောင်းချရသည်များလည်းရှိသည်။ ငှက်ပျောရောင်းချသည့်ဝင်ငွေဖြင့် မိသားစုစားဝတ်နေရေးအပြင်  ကျန်းမာရေးအတွက်လည်းအထောက်အကူပြု၍  အဆင်ပြေလျက်ရှိကြောင်း ကျောက်တန်းကျေးရွာ ငှက်ပျောစိုက်ပျိုးရောင်းချသူ ကိုဌေးထံမှ သိရသည်။                   

ဇေယျာနိုင်(ရွှေကန်မြေ)