လွိုင်ကော် သြဂုတ် ၁၀
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝန်များနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းဝင်းအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးပြီး ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးအတွက် ပန်းအလှပင်များ၊ အရိပ်ရပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် စားရိပ်သာနှင့် စားဖိုဆောင်သို့ ရောက်ရှိပြီး နေ့စဉ်ကျွေးမွေးရန် စီမံဆောင်ရွက်သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့်တာဝန်ရှိသူများ ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က သန့်ရှင်းသောသောက်သုံးရေနှင့် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်အာဟာရပြည့်ဝသည့် အစားအသောက်များ နေ့စဉ်ချက်ပြုတ်ကျွေးမွေးရန်နှင့် စားဖိုဆောင်နှင့်စားရိပ်သာ သန့်ရှင်းသပ်ရပ်မှုရှိစေရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများ အား မှာကြားခဲ့သည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)သို့ ရောက်ရှိကာ ကျောင်းဝင်းအတွင်း နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းဝင်းအတွင်းနှင့် ကျောင်းအုတ်တံတိုင်း ခြံစည်းရိုးတစ်လျှောက်တွင် အရိပ်ရပင်နှင့် လေကာပင်များ စနစ်တကျ စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် ကွန်ပျူတာတက္ကသိုလ်၌ အဆောင်နေ ကျောင်းသား၊ ကျောင်းသူများ၊ ကွန်ပျူတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့သည်။
ဆက်လက်၍ အားကစားနှင့်ကာယပညာသိပ္ပံ(လွိုင်ကော်)ရှိ နှစ်ထပ်သင်တန်းသူ အိပ်ဆောင်နှင့် စာသင်ဆောင်၊ လေးခန်းတွဲ နှစ်ထပ်ဝန်ထမ်းအိမ်ရာနှင့် ကျောင်းဝင်းခြံစည်းရိုး ပြန်လည် ဆေးသုတ်မွမ်းမံဆောင်ရွက်နေမှုတို့အား ကြည့်ရှုစစ်ဆေးရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီရေး ကြပ်မတ်ဆောင်ရွက်သွားရန် ဆောင်ရွက်ပြီးစီးပါက သင်တန်းသား၊ သင်တန်းသူများနှင့် ဝန်ထမ်းများအား စနစ်တကျ နေရာချထားပေးရန်နှင့် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဆက်လက်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဒေါဥခူရပ်ကွက်ရှိ ဒေါခူဥပရိယတ္တိစာသင်တိုက်အတွင်း ဆရာတော် သီတင်းသုံးဆောင်၊ သိမ်တော်၊ နှစ်ထပ်ဆွမ်းစားဆောင်၊ ဓမ္မာရုံနှင့် သုံးထပ်ကျောင်းဆောင်များ ပြင်ဆင်ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဆရာတော် သံဃာတော်များ ပြန်လည် သီတင်းသုံးနေထိုင်နိုင်ရေး၊ ဗုဒ္ဓဘာသာဝင်များ သာသနာရေးကိစ္စရပ်များနှင့် ဥပုသ်သီလဆောက်တည်နိုင်ရေး အမြန်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းပေးခဲ့သည်။
ထို့နောက် မှုံပြာကျေးရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းပြန်လည်ရွှေ့ပြောင်းဖွင့်လှစ်နိုင်ရေး ကျောင်းဆောင်များ ပြန်လည်ပြုပြင်ဆောင်ရွက်နေမှုနှင့် ကျေးရွာပြည်သူ များက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုရာ ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများအား လိုက်လံရှင်းလင်းတင်ပြကြသည်။ ပြည်နယ် ဝန်ကြီးချုပ်က ကျောင်းပြန်လည်ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရေး အမြန်ပြုပြင်ပေးရန်၊ သင်ထောက်ကူပစ္စည်းများ ပြည့်စုံစေရေးနှင့် အသင့်ဖြစ်စေရေး ဆောင်ရွက်ထားရှိရန် တာဝန်ရှိသူများအား မှာကြား ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)