ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်စက်မှုဇုန် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် သြဂုတ် ၈

ကယားပြည်နယ်အတွင်း နယ်မြေဒေသအခြေအနေများ ပြန်လည်တည်ငြိမ်အေးချမ်းလာပြီး လွိုင်ကော်စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများ စတင်လည်ပတ်ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၆ ရက် နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လွိုင်ကော်စက်မှုဇုန်သို့သွားရောက်ပြီး စက်မှုလုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ စက်မှုဇုန်အတွင်း လုပ်ငန်းများပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရန် ဆောင်ရွက်နေမှုနှင့် ထိခိုက်ပျက်စီးမှုအခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်စက်မှုဇုန် ယာယီရှင်းလင်းဆောင်၌ စက်မှုလုပ်ငန်းရှင်များနှင့် တွေ့ဆုံအမှာစကားပြောကြားရာတွင် စက်မှုဇုန်ရှိ စက်မှုလုပ်ငန်းများအားလုံး အရှိန်အဟုန်ဖြင့် ပြန်လည်လည်ပတ်လုပ်ကိုင်နိုင်ရန်နှင့် အခက်အခဲများ၊ လိုအပ်ချက်များကို တတ်နိုင်သမျှကူညီဖြည့်ဆည်းပေးနိုင်ရန် ဖြစ်ပါကြောင်း၊ လုပ်ငန်းများအားလုံး အပြည့်အဝမဟုတ်သော်လည်း စတင်နိုင်သည့်လုပ်ငန်းပမာဏကို အမြန်ဆုံး စတင်ဆောင်ရွက်ကြရန် ဖြစ်ပါကြောင်း၊ စက်မှုဇုန်လုပ်ငန်းများ ပြန်လည်လည်ပတ်လုပ်ကိုင်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး ပြည်နယ်စက်မှုလုပ်ငန်းများလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကာ ပြည်နယ်ဖွံ့ဖြိုးရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း  စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ဒေသကွပ်ကဲရေးမှူးက လွိုင်ကော်စက်မှုဇုန် နယ်မြေလုံခြုံရေးနှင့်တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက မိမိတို့ သက်ဆိုင်ရာကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးမည့်အခြေအနေများအား အသီးသီးရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် ပြည်နယ်စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်မေကြည်ခိုင်က လွိုင်ကော်စက်မှုဇုန်လုပ်ငန်းများ မှတ်ပုံတင်ထားရှိမှုနှင့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးသီဟဇော်က စက်မှုဇုန်အတွင်း လမ်းအရှည် ၁၁၀၂၇ ပေ၊ အကျယ် ၁၂ ပေ ကတ္တရာလမ်း ၈ လမ်း အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေများ၊ ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးတွဲမြင့်က စက်မှုဇုန်အတွင်း လျှပ်စစ်ဓာတ်အားလိုင်းများ သွယ်တန်းပေးရန်လိုအပ်မှုနှင့် ထရန်စဖော်မာများ တပ်ဆင်ပေးမည့်အခြေအနေများ၊ စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းအောင်ထွန်းက စက်မှုဇုန်အတွင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ရန် လုပ်ငန်းရှင်များက ပြန်လည်ဆက်သွယ်လာမှုနှင့် လုပ်ငန်းများစတင်ရန် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား အသီးသီးရှင်းလင်းတင်ပြကြသည်။

ထို့နောက် သစ်အချောထည်နှင့် သစ်ပါးလွှာလုပ်ငန်း၊ သစ်ခွဲစက်လုပ်ငန်း၊ ပရိဘောဂစက်ရုံ၊ ဆန်စက်၊ ဆီစက်၊ သီးနှံအခြောက်ခံစက်ရုံ၊ ရက်ကန်းလုပ်ငန်း၊ စက္ကူစက်၊ ကြက်စာအစာစပ်စက်ရုံ၊ မော်တော်ယာဉ်အလုပ်ရုံ လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လိုမှု၊ အခက်အခဲများ၊ လိုအပ်ချက်များနှင့် ဖြည့်ဆည်းပေးရန်များကို အသီးသီးတင်ပြကြရာ ဌာနဆိုင်ရာအသီးသီးက မိမိတို့ကဏ္ဍအလိုက် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။ ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးကာ ပြည်နယ်၏ စက်မှုလုပ်ငန်းများ အရှိန်အဟုန်ဖြင့် စတင်နိုင်ရန် ပြည်နယ်ပြင်ပမှ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်ဆောင်ရွက်ရန် လိုကြောင်း နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်မှုဇုန်အတွင်း ရွှေစံအိမ်ပရိဘောဂစက်ရုံ၊ ကန္တာရစိမ်းနှင့် ရတနာစိမ်းပရိဘောဂစက်ရုံ၊ တက်နေဖြိုး သစ်ခွဲစက်၊ လျှာထိုးစက်နှင့် သစ်ပါးလွှာစက်ရုံလုပ်ငန်းများအားလည်းကောင်း၊ မျိုးမြန်မာသီးနှံအခြောက်ခံစက်ရုံနှင့် မြန်မာတိုးတက်အောင် ကြက်အစာစက်ရုံ၊ ထိန်အောင်လင်းဆန်စက်နှင့် အခြောက်ခံစက်၊ ဝင်းရွှေဝါဆီစက်၊ ပအိုဝ်းပေးဆီစက်နှင့် ပဲခွဲစက် စက်ရုံအလုပ်ရုံများ ထိခိုက်ပျက်စီးခဲ့မှုနှင့် လုပ်ငန်းများ စတင်ဆောင်ရွက်ရန် ပြင်ဆင်နေမှုအခြေအနေများအားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအားလုံး အမြန်လည်ပတ်လုပ်ကိုင်နိုင်ရေး ဆောင်ရွက်ကြရန်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အလေးထားကူညီဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။ ဆက်လက်၍ စက်မှုဇုန်လုပ်ငန်းများ လျှပ်စစ်ဓာတ်အားလုံလောက်စွာ အသုံးပြုနိုင်ရန် ဆောင်ရွက်ထားရှိသည့် ၃၃ ကေဗွီ ဓာတ်အားခွဲရုံထိန်းချုပ်ခန်းနှင့် Switch Yard များ ထိခိုက်ပျက်စီးမှုများနှင့် ပြန်လည်ပြုပြင်ရန်လိုအပ်သည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် စက်မှုဇုန်အတွင်း ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ တာဝန်ယူဆောင်ရွက်နေသည့် ကတ္တရာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ထို့နောက် စက်မှုဇုန်အတွင်းရှိ အဝေးပြေးကုန်တင်ယာဉ်ရပ်နားစခန်းသို့သွားရောက်ပြီး ပြည်နယ်အတွင်း ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးအတွက် ယာဉ်ရပ်နားစခန်းအား သတ်မှတ်နေရာတွင် စနစ်တကျအမြန်ပြန်လည် ဖွင့်လှစ်ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)