ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း မြောင်းမြမြို့နယ်နှင့် အိမ်မဲမြို့နယ်တွင် ပြုလုပ်သည့် မိုးစပါးထွန်တုံးပိတ်ပွဲ အခမ်းအနားတက်ရောက်

ပုသိမ် ဩဂုတ် ၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာနှင့်အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်းကျေးရွာတို့တွင် မိုးစပါးထွန်တုံးပိတ်ပွဲအခမ်းအနားများကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာများရှိ တောင်သူများ၏လယ်မြေတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ ဒေသခံ တောင်သူများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာ၊ တောင်သူ ဦးမိုးဝင်း၏စိုက်ဧက(၂)ဧကတွင် RD-95 စပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် ထွန်တုံးပိတ် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက တစ်ဧကအထွက်နှုန်းများ တိုးတက်ရန်အတွက် ကောက်ကွက်ပြည့်မီစွာ စိုက်ပျိုးရေး၊ ကြဲခင်းစနစ်များ လျော့နည်းရေး၊ ဓာတ်မြေဩဇာနှင့်သဘာဝမြေဩဇာအချိန်ကိုက် အချိုးကျထည့်သွင်းအသုံးပြုရေး၊ ရိတ်သိမ်းခြွေလှေ့ရာတွင်သိမ်းရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေးတို့ကို တောင်သူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်း ရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးကို အခြေခံသည့်တိုင်းဒေသကြီးဖြစ်သည်နှင့်အညီ သီးနှံစုံပန်းတိုင် အထွက်နှုန်း ရောက်ရှိရေးအတွက် အခြေခံလိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်စွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ရန်လိုပါကြောင်း၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျော်)များ ထည့်သွင်းစိုက်ပျိုးခဲ့ပါကြောင်း၊ တစ်ဧက အထွက်နှုန်းများ တိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် သွင်းအား စုများပံ့ပိုး ပေးခဲ့ပါကြောင်း၊ ကြဲခင်းစနစ်များလျော့နည်းပပျောက်ရေး၊ အထွက်နှုန်းတိုးတက်ရေးအတွက် ဒေသ၏ရေမြေနှင့်ကိုက်ညီသည့် အရည်အသွေးမြင့်မျိုးစေ့ချကိရိယာများ အသုံးပြုစိုက်ပျိုးခြင်း၊ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံစုံပန်းတိုင်အထွက်နှုန်း ရောက်ရှိစေရေးအတွက် သက်ဆိုင်ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့များ၊ တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း” မှာကြားခဲ့ပြီး  ကောက်စိုက်လုံမေများအား စားသောက်ဖွယ်ရာများနှင့် အကအဖွဲ့များအား စားသောက်ဖွယ်ရာ များနှင့် ဆုချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်း ကျေးရွာ၊ တောင်သူဦးကျော်အောင်၏ စိုက်ဧက(၅)တွင် ဆင်းသုခစပါးမျိုးအား ကောက်စိုက်လုံမေများဖြင့် ထွန်တုံးပိတ်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးနှင့် တိုင်းဒေသကြီးဦးစီးမှူးတို့က တောင်သူများအား အထွက်နှုန်းများ တိုးတက် ရန်အတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကိုအခြေခံ၍ ဆောင်ရွက်ရမည့် အခြေအနေများ၊ မြေဆီလွှာဖွံ့ဖြိုတိုးတက်ရေးအတွက်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မြေခံ ထည့်သွင်းဆောင်ရွက်မှု အခြေအနေများ၊ မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ တစ်ဧကကောက်ကွက်ပြည့်မီရေး၊ မြေဩဇာများကြဲပက်ဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရန်အတွက် အပင်ကြီးထွားမှု အဆင့်ဆင့် အလိုက် အချိန်ကိုက်အချိုးမှန်စွာ ကြဲပက်ပေးရမည့် အခြေအနေများ၊ ရိတ်သိမ်းခြွေလှေ့ရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရေး ကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “ယခုနှစ်သည် တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက် နှုန်းရောက်ရှိရမည့်နှစ် ဖြစ်ပါကြောင်း၊ တစ်ဧကအထွက်အထွက်နှုန်း တိုးတက်ရေးအတွက် တောင်သူလယ်သမားနေ့ အခမ်းအနားများတွင် ဆွေးနွေးပွဲများပြုလုပ်၍ ရလာဒ်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပေါ်ဆန်းဖိုရမ်ပြုလုပ်၍လည်း ဧရာဝတီပေါ်ဆန်းအရည်အသွေးကောင်းမွန်ရေး၊ ဈေးကွက်အတွင်းထိုက်သင့်သည့် ဈေးနှုန်းရရှိရေးကိုလည်း ဆောင်ရွက်ခဲ့ပါကြောင်း၊ တစ်ဧက အထွက်နှုန်းများ တိုးတက်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းလေးသွယ်ကို အခြေခံ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိုးစပါးပန်းတိုင် အထွက်နှုန်းရောက်ရှိရေးအတွက် တောင်သူများ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း” မှာကြားခဲ့ပြီး ကောက်စိုက်လုံမေများအား စားသောက် ဖွယ်ရာများနှင့် အကအဖွဲ့များကို စားသောက်ဖွယ်ရာများနှင့် ဆုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်