တောင်တွင်းကြီးမြို့နယ် အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း(မိုးထိ)တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ​​​ အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းများ ဆောင်ရွက်

တောင်တွင်းကြီး သြဂုတ် ၇

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစောမောင်၏ လမ်းညွှန်မှုဖြင့် ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် ယနေ့နံနက်ပိုင်းက အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း (မိုးထိ)ရှိ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်ကြုံတွေ့လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာအချက်အလက်များအား အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

ဦးစွာ မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူးက ငလျင်ဘေးအန္တရာယ်များအကြောင်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာမှု၊ ငလျင်လှုပ်ခတ်စဉ် ပြုမှုနေထိုင်ကြရမည့် လုပ်ငန်းလမ်းစဉ်များအကြောင်း၊ ရေဘေးအန္တရာယ်အတွက် အသက်ကယ်ပစ္စည်း အသုံးပြုနည်းများ၊ ရေဘေးအန္တရာယ် မဖြစ်ပွားမီ၊ ဖြစ်ပွားဆဲနှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန် ရှောင်ရန်နှင့် လိုက်နာရမည့်အချက်များကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်း၍ ငလျင်လှုပ်ခတ်စဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများ ဘေးလွတ်ရာသို့ ထွက်ခွာခြင်း၊ ဒဏ်ရာရရှိသူများအား မည်သို့ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမည်ကို သဏ္ဍာန်တူသရုပ်ပြသခြင်း၊ မီးလောင်မှုအား မီးသတ်ဆေးဘူး၊ ရေစိုအဝတ်တို့ဖြင့် မီးငြိမ်းသတ်ခြင်းနှင့် Rescue Tool အသုံးပြုမှု သရုပ်ပြသခြင်းလုပ်ငန်းများအား လက်တွေ့သရုပ်ပြသခြင်းများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နောင်နောင်(ဗိဿနိုးမြေ)