ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး ဟောပြောပွဲ၊ ကဗျာရွတ်၊ ပုံပြောနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ကြံခင်း ဩဂုတ် ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထု အခြေပြုဗဟိုဌာန( Community Centre )ခန်းမ၌ ယနေ့နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံလာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အသိပညာကြွယ်ဝလာစေ ရန်၊ လူများရှေ့တွင် ပြောဆိုတတ်သည့် အလေ့အကျင့်များ ရရှိလာစေရန်  စသည့်ရည်ရွယ်ချက်များစွာဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများကို အခြေခံပညာဦးစီးဌာနှင့်ပူးပေါင်း၍ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများနှင့် ပြိုင်ပွဲများကို  လစဉ် လူထုအခြေပြုဗဟိုဌာနတွင် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးရခြင်းနှင့်ပတ်သက်၍ ပြောကြားပြီး၊ ကဗျာဆရာ ရာဇာငယ် (ကနောင်)နှင့် Book Club အဖွဲ့ဝင် ဦးသာကျော်လှတို့က “လူငယ်နှင့်အနာဂတ်၊ လူငယ်နှင့် စာကြည့်တိုက်” ခေါင်းစဉ်တို့ဖြင့် အသီးသီးဟောပြောကြသည်။ ထို့နောက် မူလတန်းပြဆရာမ ဒေါ်ဂျူးဝေမိုးက ကျောင်းသား၊ ကျောင်းသူများအား ယခုလို အသိပညာဗဟုသတများစွာ ရရှိလာအောင် ကျင်းပပေးပါသော မြို့နယ်ပြန်/ဆက်ဌာနမှ တာဝန်ရှိသူများနှင့် Book Club အဖွဲ့ဝင်များကို ကျေးဇူးတင်ရှိပါကြောင်း ပြန်လည်ပြောကြားသည်။

ဆက်လက်၍ (မူလတန်းအဆင့်) ကဗျာရွတ်ပြိုင်ပွဲနှင့် (အလယ်တန်း အဆင့်) ပုံပြောပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက မိမိကြိုက်နှစ်သက်ရာ ကဗျာ၊ ပုံပြင်တို့ဖြင့် အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး   ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ဆက်လက်ကျင်းပခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။  

ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် အသိ ပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)