ပုသိမ် ဩဂုတ် ၅
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံ၍ ပုသိမ်မြို့၊ ကိုးသိန်း အားကစားခန်းမတွင် ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကျင်းပလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းတွင် အမျိုးသား/အမျိုးသမီး သုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ တတိယနေရာလုပွဲများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ တတိယနေရာလုပွဲစဉ်အဖြစ် ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းနှင့် မန္တလေးတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင် ကစားနေမှုအားလည်းကောင်း၊ အမျိုးသမီးသုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ရန်ကုန်တိုင်း ဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း၊ အမျိုးသားသုံးယောက်တွဲပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းဒေသကြီးအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၃)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲအား ဧရာဝတီတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်အသင်းအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အမျိုးသား အသင်း ၁၅ သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းတို့က ပါဝင်ယှဉ်ပြိုင်နေကြခြင်းဖြစ်ပြီး ပြိုင်ပွဲများအား ဇူလိုင်လ ၃၀ ရက်နေ့မှ ဩဂုတ်လ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ဘုံကျော်မဟာစည် သာသနာ့ရိပ်သာကြီး၏ ဦးစီးပဓာနနာယက၊ (မူလဓမ္မာစရိယ၊ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ) ဘဒ္ဒန္တ ဝိစာရ၊ သက်တော် (၉၁) နှစ်၊ သိက္ခာတော်(၇၁)ဝါရ၊ သက်တော်ရှည် ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပန သာဓုကီဠနပူဇာသဘင် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။
ဦးစွာ “သဗ္ဗေသင်္ခါရာ အနိစ္စာ”တိအစရှိသော သံဝေဂ (၃) ဂါထာကို ရွတ်ဆိုပွားများ၍ အခမ်းအနားကို စတင်ခဲ့ပြီးနောက် ဘုံကျော်ဆရာတော်ဘုရားကြီး၏ “ထေရုပ္ပတ္တိအကျဉ်း”ကို သဒ္ဓမ္မသီတဂူ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုနန္ဒကလည်းကောင်း၊ ဘုံကျော်ဆရာတော်ဘုရားကြီးအား ရည်မှန်းပူဇော်ရေးစပ်ဖွဲ့သီသော ရှစ်လုံးဘွဲ့ကဗျာအား ဝတ်ရွတ်အဖွဲ့ကလည်းကောင်း၊ သုဝဏ္ဏဘူမိသာသန ရိပ်သာ၊ မဟာစည်နယ်လှည့်ဓမ္မကထိက ဘဒ္ဒန္တကုဏ္ဍလမှ“ဂုဏထောမနာ” ဂါထာတော်မြတ်ဖြင့် လည်းကောင်း၊ မဟာစည်နယ်လှည့်ဓမ္မကထိက မေတ္တာစည် ဆရာတော် အရှင်သုမင်္ဂလမှဦးဆောင်၍ တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့မှ အစ္စယဒေသနာတော်မြတ်ဖြင့်လည်းကောင်း၊ မြဝတီဆရာတော် အရှင်နန္ဒဝံသမှ “ပစ္ဆိမဝန္ဒနာ" ဂါထာတော်မြတ်ဖြင့်လည်းကောင်း ဖတ်ကြားရွတ်ဖတ် ပူဇော် ကန်တော့ခဲ့ကြသည်။ ယင်းနောက် လေးမျက်နှာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနန္ဒာစရိယမှ “ကြွတော်မူပါ မြတ်ဆရာ”ဂါထာတော်ဖြင့်ပူဇော်၍ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ် ကလာပ်တော်အား တပည့်သံဃာတော်များ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ သာနသနာ့ကော်မတီဝင်များ၊ ဆွေတော်မျိုးတော်များ၊ ဘုံကျော်ဟိတေသီအဖွဲ့၊ တပည့်ဒါယကာ၊ ဒါယိကာမများက ပုခုံးထမ်းလက်ဆင့်ကမ်း၍ စံကျောင်းတော်မှ ကရဝိတ်ယာဉ်ပေါ်သို့ ပင့်ဆောင်ပူဇော်ခဲ့ကြောင်း သိရှိရသည်။
လှမင်းထွဋ်