ပွင့်ဖြူ ဩဂုတ် ၄
မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ပွင့်ဖြူမြို့၌ မြို့တွင်းဖြတ်သန်းသွာလာသော မော်တော်ယာဉ်များအား မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်နှင့် ဝန်ထမ်းများက မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် ကော်မတီဝင်များလိုက်ပါ၍ ပွင့်ဖြူမြို့အဝင် ဘီးခွန်ကောက်ခံရေးနေရာသို့ သွားရောက်ပြီး မြို့တွင်း ဖြတ်သန်းသွားလာသော မော်တော်ယာဉ်များအား ဝန်ထမ်းများ ပူးပေါင်းအဖွဲ့မှ မြို့ဝင်ကြေးဘီးခွန် ကောက်ခံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ အခွန်ငွေများ ကောက်ခံရာ၌ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျကောက်ခံ ဆောင်ရွက်ရေးတို့ကို ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မြို့ဝင်ကြေးဘီးခွန်ကောက်ခံခြင်းလုပ်ငန်းကို ဩဂုတ်လ(၁)ရက်နေ့မှ စတင်ကာ မကွေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့တွင်သွားလာသော မော်တော်ယာဉ်များကို မြို့ဝင်ကြေးဘီးခွန်ကောက်ခံ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် မြို့နယ်အတွင်း အခွန်ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှု မရှိစေရန်နှင့် ထိရောက်သော အခွန်ကောက်ခံမှုစနစ် ဖြစ်စေရန်အတွက် လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်အခွန်စည်းကြပ်မှုများ ဆောင်ရွက်နိုင်ရန် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )