မင်းဘူး ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၌ ဒေသတွင်း စိုက်ပျိုးရေကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးနှင့် သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရေးအတွက် တောင်သူစိုက်ပျိုးနည်းပညာပေးသင်တန်းများကို ဥယျာဉ်ဇင်ကျေးရွာ၊ သိမ်ကုန်းရှေ့တန်းစခန်းဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေးလျက်ရှိကြောင်း မင်းဘူးခရိုင်စိုက်ပျိုးရေးစီးဌာနမှ သိရသည်။
တောင်သူနည်းပညာပေးသင်တန်များ ဖွင့်လှစ်ရာတွင် ဒေသတွင်း စိုက်ပျိုးရေကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးသီးနှံများကို သီးထပ်၊ သီးညှပ်ရာသီကိုက်စိုက်ပျိုးပြီး သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားရေးနှင့် ခေတ်စနစ်နှင့်အညီ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာစိုက်ပျိုးနိုင်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ အဆိုပါသင်တန်းတွင် မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး(စကု)၊ ပွင့်ဖြူ၊ စလင်း၊ စေတုတ္တရာနှင့် ငဖဲမြို့နယ်များမှ တောင်သူများနှင့် သရက်ခရိုင် မင်းလှမြို့နယ်မှ တောင်သူများက လစဉ်ဖွင့်လှစ်သည့် သင်တန်းအမျိုးအစားများလိုက် တက်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သီတာလွင်က ပြောသည်။
အဆိုပါသင်တန်းများတွင် သက်ဆိုင်ရာဘာသာရပ်များအလိုက် ကျွမ်းကျင်နည်းပြများဖြစ်သော မကွေးတိုင်းဒေသကြီး ဆီထွက်သီးနှံဇုန်တာဝန်ခံက AI အကြောင်း သိကောင်းစရာများနှင့် စိုက်ပျိုးရေးဆိုင်ရာ နည်းပညာပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် deep seek AI နည်းပညာ အသုံးပြုရခြင်းနည်းလမ်းများ၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မျိုးစေ့တာဝန်ခံက မျိုးစေ့သုတေသနနှင့် အပင်မျိုးသစ်များမွေးထုတ်ခြင်း အကြောင်းအရာများ၊ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချရေးတာဝန်ခံက ဓာတ်မြေဩဇာများကို အချိုးကျ၊ အချိန်ကိုက် သုံးစွဲစေရေးနှင့် သဘာဝမြေဩဇာ၊ သစ်စိမ်းမြေဩဇာ၊ ပိုက်ဆံလျှော်ထည်သွင်းစိုက်ပျိုးခြင်းရခြင်း အကျိုးကျေးဇူးများနှင့် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သီးနှံကာကွယ်ရေးတာဝန်ခံက ဘက်စုံပိုးမွှားကာကွယ်နှိမ်နင်းရေးနည်းလမ်းများ စသည့် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ အကြောင်းအရာများကို ဖွင့်လှစ်ပေးခဲ့သည့် လစဉ်သင်တန်းများအလိုက် စာတွေ့၊ လက်တွေ့အပြင် စိုက်ကွင်းလုပ်ငန်းများဖြင့် စနစ်တကျသင်ကြားပို့ချပေးလျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)