မကွေး ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အစိုးရနည်းပညာအထက်တန်းကျောင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မိုးရာသီ မေဂျာပေါင်းစုံ ကျောင်းအုပ်ကြီးဖလား အားကစားပြိုင်ပွဲများ ဖြစ်သည့် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ Table tennis ပြိုင်ပွဲနှင့် ထုပ်စည်းထိုးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ် (၃) နာရီက အဆိုပါကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း(မကွေး)မှ ကျောင်းအုပ်ဆရာကြီး ဦးခင်မောင်ညွန့်က အမှာစကားပြောကြားရာတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူများ၏ ကိုယ်ခန္ဓာကြံ့ခိုင်မှုရှိစေရန်၊ အသင်းအဖွဲ့အလိုက် ပါဝင်ဆောင်ရွက်တက်စေရန်၊ ကာယဉာဏအား နှစ်ဖြာပြည့်ဝစေရန်၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေစွာ ဆက်ဆံတတ်စေရန်အတွက် မိုးရာသီအားကစားပြိုင်ပွဲများ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး အားကစားနည်းပြဆရာများက ပြိုင်ပွဲဝင်စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင်အားကစားသမားများအား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ကိုကိုက အားကစားပစ္စည်းများ ပေးအပ်ရာ ကျောင်းအုပ်ကြီးမှ လက်ခံရယူခဲ့သည်၊
ယင်းနောက် ပြိုင်ပွဲ၀င် အားကစားသမားများက သစ္စာဓိဌာန် (၄) ချက်ရွတ်ဆို၍ ပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ရာ ၎င်းအားကစားပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုကို ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မိုးရာသီ မေဂျာပေါင်းစုံ ကျောင်းအုပ်ကြီးဖလား အားကစားပြိုင်ပွဲတွင် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ၊ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ၊ အမျိုးသားဘောလီဘောပြိုင်ပွဲ၊ အမျိုးသား Table tennis ပြိုင်ပွဲနှင့် အမျိုးသမီး ထုပ်ဆီးထိုးပြိုင်ပွဲများ ကျင်းပသွားမည်ဖြစ်ရာ ၎င်းပြိုင်ပွဲများကို သြဂုတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာကြီးထံမှ သိရသည်။
ခရိုင်(ပြန်/ဆက်)