မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၅) တက်ရောက်

မကွေး ဩဂုတ် ၁

မကွေးတိုင်းဒေသကြီးအတွင်း နိုင်ငံစီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၇/၂၀၂၅)ကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးမြိုနယ် စုပေါင်းရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က တိုင်းဒေသကြီးရဲ့ စိုက်ပျိုးရေးကဏ္ဍအနေဖြင့် သီးနှံစိုက်ပျိုးမှုစာရင်းတွင် ယာမြေစိုက်ရန်ကျန် ဧရိယာ (၃၆၂၈၇၇) ဧကရှိပြီး မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင်မှာ အများဆုံးဖြစ်တာ တွေ့ရှိရကြောင်း၊ နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးမှာ လယ်ယာကဏ္ဍကို အခြေခံသဖြင့် ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် လက်ရှိစိုက်ပျိုးနိုင်သော မြေများတွင် နှစ်သီး၊ သုံးသီးစိုက်ပျိုးနိုင်ရေး၊ လျာထားဧရိယာ ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားလိုပါကြာင်း၊ မွေးမြူရေးကဏ္ဍအနေဖြင့် မကွေးမြို့နယ်၊ ရှားပင်လှ ကျေးရွာအုပ်စု၊ ရှားပင်လှကျေးရွာအနီးရှိ ဥစားကြက်မွေးမြူရေးဇုန်တွင် ဆောင်ရွက်လျက်ရှိသည့် သမအသင်းစုမှ ခြံ(၁)ခြံမှာ လုံးဝဆောင်ရွက်နိုင်ခြင်းမရှိသေးသဖြင့် အမြန်အကောင်အထည်ဖော်ဆောင်ရွက်စေရေးနှင့် မွေးမြူရေးဇုန်ကိုလည်း အောင်မြင်အောင် စဉ်ဆက်မပြတ် အလေးထားဆောင်ရွက်ကြဖို့ မှာကြားလိုပါကြောင်း၊ တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍအနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် (၂-၇-၂၀၂၅)ရက်နေ့မှစတင်၍ ယနေ့အထိ အခြေခံပညာကျောင်းပေါင်း(၃၇)ကျောင်း ပိတ်ထားရသည်ကိုသိရှိရပြီး မြစ်ရေပြန်လည်ကျချိန်တွင် ကျောင်းသား/သူများ ပုံမှန်စာသင်ကြားနိုင်ရေးအတွက် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းရေး လုပ်ငန်းစဉ်များအား အခြေခံပညာကျောင်းများတွင် ဆောင်ရွက်နိုင်ဖို့ကိုလည်း သက်ဆိုင်ရာဌာနများမှ ကြီးကြပ်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်းး၊ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၅)ရက် ကမ္ဘာဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား (ဗဟိုအဆင့်)တွင် ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များနှင့် ထူးချွန်ဆရာများကို စိစစ်ရွေးချယ်ဆုချီးမြှင့်ပေးမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီးမှ ဂုဏ်ထူးဆောင်ပုဂ္ဂိုလ်များနှင့် ထူးချွန်ဆရာများ၏ အမည်စာရင်းနှင့် အချက်အလက်တောင်းခံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့်အတွက် စနစ်တကျ အချက်အလက် မှန်ကန်စေရေး အလေးထားဆောင်ရွက်ပေးဖို့ ပြောကြားလိုကြောင်း၊ ယခုလို မိုးရာသီကာလတွင် ဖြစ်ပွားမှုများသော ရောဂါဖြစ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ကျန်းမာရေးဝန်ထမ်းများ၊ နှီးနွယ်ဆက်စပ်ဌာနများ၊ အခြားသောကျန်းမာရေးပညာပေးခြင်း၊ လူမှုရေးအဖွဲ့အစည်းများမှ ပြည်သူလူထုအား လှုံ့ဆော်စည်းရုံးခြင်း၊ ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်ခြင်းများ ပြုလုပ်၍ (ဖုံး/ သွန်/ လဲ/ စစ်)စသည့် အခြေခံသွေးလွန်တုပ်ကွေး ကာကွယ်နှိမ်နင်းရေးဆိုင်ရာလုပ်ငန်းများ ထိထိရောက်ရောက် ကြိုးစားဆောင်ရွက်ရာမှာ ဌာနဆိုင်ရာများအားလုံး၊ ပြည်သူများအားလုံးမှ ယခုလိုမိုးတွင်းကာလမှာ တက်ကြွစွာပါဝင် ဆောင်ရွက်ပေးကြဖို့လိုပါကြောင်း၊ ဒါမှသာ မိမိပတ်ဝန်းကျင်ရှိ ကျောင်းနေအရွယ် ကလေးငယ်များအပါအဝင် ပြည်သူများ အသက်ဆုံးရှုံးမှုမရှိစေဖို့ မိမိတို့ တာဝန်ကိုယ်စီဆောင်ရွက်ကြသည့် လူမှုအသိုက်အဝန်း ပတ်ဝန်းကျင်ဖြစ်အောင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါလို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးအထွေထွေရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ MEVM မဲပေးစက်များအား သက်ဆိုင်ရာ မြို့နယ်များအလိုက် ဖြန့်ခွဲဆောင်ရွက်လျက်ရှိရာ အဆိုပါမဲပေးစက်များ သယ်ဆောင်ရာတွင် လုံခြုံရေးကျိုးပေါက်မှုဖြစ်စဉ်များမရှိစေရေး သက်ဆိုင်ရာဌာနများ စီမံကြီးကြပ်ဆောင်ရွက်သွားဖို့လိုကြောင်း၊ ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာဥပဒေအား (၁၈-၂-၂၀၂၅)ရက်နေ့တွင် အတည်ပြုပြဌာန်းပြီးဖြစ်၍ မိမိတို့ဌာနများတွင် ပုဂ္ဂလိကလုံခြုံရေးအဖွဲ့များ ငှားရမ်းဆောင်ရွက်ထားရှိသော ကုမ္ပဏီ/အဖွဲ့အစည်းများအနေဖြင့် ပုဂ္ဂလိကလုံခြုံရေး ဝန်ဆောင်မှုဆိုင်ရာ ဥပဒေနှင့်အညီ ခွင့်ပြုချက်လျှောက်ထားစေရေး အသိပေးပြောကြား ဆောင်ရွက်သွားရန် လိုအပ်သဖြင့် သက်ဆိုင်ရာဌာနများမှ ကြီးကြပ်ဆောင်ရွက်သွားဖို့ မှာကြားလိုပါကြောင်းနှင့် နိုင်ငံစီးပွားတိုးတက်ရေး၊ အခြေခံပြည်သူလူထု၏ စားဝတ်နေရေးသက်သာချောင်ချိရေးအတွက် မိမိတို့အနေဖြင့်မဖြစ်မနေ ကြိုးပမ်းဆောင်ရွက်ကြဖို့၊ နိုင်ငံရေးသည် စီးပွားရေးမဟုတ်သော်လည်း စီးပွားရေးသည် နိုင်ငံရေးနှင့် နိုင်ငံ့အရေးပင်ဖြစ်၍ စီးပွားရေးအားကောင်းမှသာလျှင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကာကွယ်ရေးအဘက်ဘက်မှ အားကောင်းလာမည်ဖြစ်သဖြင့် နိုင်ငံစီးပွားရေး အားကောင်းအောင် အားလုံးဝိုင်းဝန်း ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ သယံဇာတရေးရာဝန်ကြီး ဦးစိုင်းမြင့်အေး၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပမ်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်သူဦး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ ဥပဒေချုပ် ဦးတင့်ဝေနှင့် ခေတ္တအတွင်းရေးမှူး ဦးမြင့်သန်းတို့က သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ၊ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

မောင်ညီညာ