အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အရှိန်အဟုန်မြင့်တင် ဆောင်ရွက်

အောင်လံ ဇူလိုင် ၃၁

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်၌ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမျိုးလွင်၏ လမ်းညွှန်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှရွှေနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် အောင်လံမြို့၊ စမ်းချောင်းရပ်ကွက်အတွင်းရှိ နေအိမ်များတွင် သိုလှောင်ထားသော သောက်သုံးရေကန်များအတွင်းသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ ရေထည့်ထားသည့် ရေစည်ရေအိုးများအား ဖုံးအုပ်ပေးခြင်း၊ သောက်ရေ/သုံးရေ အိုးခွက်များ၊ ရေစည်ရေအိုးများ၊ ဘုရားပန်းအိုးအတွင်းပိုင်းများ ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အာကာ(ပြန်/ဆက်)