မြောင်းမြမြို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကျင်းပ

မြောင်းမြ ဇူလိုင် ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ယမန်နေ့နံနက်(၉)နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ မြို့နယ်​ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အား တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မဲစာရင်းများမှန်ကန်စေရေး အရေးပါကြောင်းကို ရှင်းလင်းမှာကြားခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ လုပ်ဆောင်ချက်(System Unit)များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်း(Usage)များကို power point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ မြောင်းမြမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုကိုနှင့် အခမ်းအနားသို့ တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများက (MEVM) အား လက်တွေ့အသုံးပြုခြင်းကို ဆောင်ရွက်ခဲ့ကြကာ ဖွင့်ပွဲအခမ်းအနားအားအောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။

ထို့နောက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းသင်တန်းအား စတင်သင်ကြားပို့ချခဲ့သည်။ အဆိုပါ သင်တန်းအား ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာများ ဆရာ/ဆရာမများ ပါဝင်သည့် သင်တန်းသားဦးရေ ၁၂၄ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအား ဇူလိုင်လ ၁၄ ရက်နေ့မှဇူလိုင်လ ၃၁ ရက်နေ့အထိ (၁၁)ကြိမ် ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဖြိုး(ပြန်/ဆက်)