ဖျာပုံ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အသုံးပြုခြင်းဆိုင်ရာ သင်တန်းနှင့်လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ဖျာပုံမြို့သီရိအဏ္ဏဝါခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးဇော်လင်းဦးက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) လက်တွေ့ကိုင်တွယ် အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် စက်အသုံးပြုပုံအဆင့်ဆင့်အား Power Point ဖြင့် အသေးစိတ်ရှင်းလင်းပြောကြားပြီးနောက် အခမ်းအနားသို့ တက်ရောက်လာသော ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းသား/သူ များက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများ လက်တွေ့ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) လက်တွေ့ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းကို ဇူလိုင်လ ၁၄ ရက်နေ့မှ သြဂုတ်လ ၂ ရက်နေ့ထိဖွင့်လှစ်၍ မဲရုံတွင်တာဝန်ထမ်းဆောင်မည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း(၁၀၀၀)ဦးအား သင်ကြားသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်