ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း မိုးရာသီ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ  ကြည့်ရှုအားပေး

စစ်တွေ ဇူလိုင် ၁၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ ကျင်းပလျက်ရှိရာ ယမန်နေ့ညနေပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ အားကစားအသင်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များနှင့်အတူ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက အုပ်စု (က) ပွဲစဉ်အဖြစ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်းဘောလုံးအသင်းနှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။ ထိုသို့ကစားကြစဉ် နှစ်ဘက်ကစားသမားများသည် တစ်ဖက်နှင့် တစ်ဖက် အနိုင်မခံအရှုံးမပေးဘဲ ဇွဲစိတ်ဓာတ်ကို အရင်းခံကာ ယှဉ်ပြိုင်ကစားကြရာ ပွဲပြီးဆုံးသည်ထိ ဂိုးရရှိခဲ့ခြင်းမရှိဘဲပြီးဆုံးခဲ့သည်။

ပွဲကစားချိန်ပြီးဆုံးပြီးနောက် ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက နှစ်ဖက်အားကစားသမားများနှင့် ဆေးဘက်ဆိုင်ရာတွင် ဝိုင်းဝန်းကူညီပေးကြသော ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ချီးမြှင့်ပေးအပ်ခဲ့သည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့် အားကစားမြှင့်တင်ဆောင်ရွက်ရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရေးနှင့် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ကာ မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ကျင်းပခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၇ ရက်နေ့မှ ၂၄ ရက်နေ့ထိ စစ်တွေမြို့၊ ဓညဝတီအားကစားကွင်း၌ အခြေခံပညာအထက်တန်းကျောင်းနှင့် အထက်တန်းကျောင်းခွဲများမှ ပြိုင်ဝင်အသင်း (၁၀) တို့မှာ အုပ်စုပွဲစဉ်များအဖြစ် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)