မင်းဘူး(စကု)မြို့နယ်၌ မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

မင်းဘူး ဇူလိုင် ၁၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ဒေသတွင်းအသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း Bakery & Sanck မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနားကို ဇူလိုင် ၁၂ ရက် နံနက် ၉ နာရီခွဲအချိန်က ရွှေရောင်တော်ကျေးရွာဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး၊ မကွေးတိုင်းဒေသကြီး အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်စုစုခိုင်က အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ကာ တာဝန်ရှိသူများက အဆိုးပါသင်တန်း၌ ထူချွန်သင်တန်းသား (၅) ဦးအား သင်တန်းထွက် ကုန်ချောပစ္စည်းများ ပေးအပ်သည်။

ဆက်လက်ပြီး မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်စိုးစိုးစံက သင်တန်းသူ ၁၅ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်ပြီး သင်တန်း ဖွင့်လှစ်ဆောင်ရွက်ပေးမှုအပေါ် သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း Bakery & Sanck သင်တန်းတွင် သင်တန်းသူ ၁၅ ဦးအား အခြေခံနှင့် မွမ်းမံသင်တန်းအဖြစ် ၁၄ ရက်ကြာ လုပ်ငန်းခွင်၌ အထောက်အကူပြုစေမည့် မုန့်မျိုးစုံပြုလုပ်နည်း အမျိုးအစားပေါင်း ၂၀ ကျော်ကို စာတွေ့၊ လက်တွေ့ဘာသာရပ်များဖြင့် စနစ်တကျ သင်ကြားပို့ချပေးခဲ့ကြောင်း၊ အဆိုပါသင်တန်းမှ ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား ၅ ဦးအား ကုန်ကြမ်းဖိုး ငွေကျပ်နှစ်သိန်း ထည့်ဝင်စေပြီး ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန်အတွက် ဌာနမှ တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်း နှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံး စက်ပစ္စည်းများကို ရာသက်ပန် သုံးဆွဲခွင့်ပြု၍  အသေးစား လုပ်ငန်းရှင်များဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ အလားတူ မင်းဘူးခရိုင်၌ အဆိုပါစီမံကိန်းလုပ်ငန်းများဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် လုပ်ငန်းရှင် ၁၅ ဦး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင် လုပ်ငန်းရှင် ၂၀ ဦးနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် လုပ်ငန်းရှင် ၂၅ ဦး စုစုပေါင်းလုပ်ငန်းရှင် ၆၀ ဦးအား အသေးစားလုပ်ငန်းရှင်များဖြစ်အောင် မွေးထုတ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)