မင်းဘူးမြို့၌ ဓမ္မစကြာအခါတော်နေ့တွင် ဝါဆိုလပြည့်နေ့ ကုသိုလ်ကောင်းမှုပြုလုပ်သူများဖြင့် စည်ကားများပြား

မင်းဘူး ဇူလိုင် ၁၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၌ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် တန်ခိုးကြီးဘုရားပုထိုးစေတီများ၌ ဝါဆိုသင်္ကန်းနှင့် ဝါဆိုပန်းများကပ်လှူ ပူဇော်သူ၊ တရားဘာဝနာပွားများကျင့်ကြံအားထုတ်သူ၊ ကုသိုလ်ဒါနပြုလုပ်သူ၊ သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိသည်။

မင်းဘူးမြို့တွင် စက္ကိန်းတဲဘုရား၊ ဓါတ်တော်ကုန်းဘုရား၊ ရှင်မင်းဘူးစေတီတော်အပါအဝင် တန်ခိုးကြီးစေတီပုထိုးစေတီများ၊ ဘုန်းကြီးကျောင်းများနှင့် ဓမ္မရိပ်သာများတွင် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ ဥပုသ်သီလဆောက်တည်ခြင်း၊ တရားဘာဝနာပွားများခြင်း၊ ဝတ်အသင်းအဖွဲ့များက ဓမ္မစကြာတရားတော်မြတ်ကို ရွတ်ဖတ်ပူဇော်ခြင်း စသည့် ကုသိုလ်ကောင်းမှုများကို ပြုလုပ်ခဲ့ကြသည်။

ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့အတွက် ဂေါတမဘုရားလောင်း ပဋိသန္ဓေတည်သောနေ့၊ တောထွက်တော်မူသောနေ့၊ ဓမ္မစကြာတရား စတင်ဟောကြားသောနေ့၊ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာပြတော်မူသောနေ့၊ ဘုရားအဖြစ်ကို ခံယူတော်မူသောနေ့၊ တရားရတနာစတင်ပေါ်ပေါက်သောနေ့၊ သံဃာရတနာစတင်ပေါ်ပေါက်သောနေ့၊ ပုထုဇဉ်ခရီးမှအရိယာခရီးသို့ စတင်ကူးပြောင်းခွင့်ကြုံသောနေ့၊ “ဧဟိဘိက္ခု’’ဟူသောစကားကို စတင်ကြားရသောနေ့စသည် ထူးခြားသည့် နေ့ထူးနေ့မြတ်ဖြစ်ခြင်းကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့က ကုသိုလ်ကောင်းမှုများ အမြဲပြုလုပ်လျက်ရှိကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)