မုဒုံ ဇူလိုင် ၉
မွန်ပြည်နယ် မုဒုံမြို့တွင် စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ယခုအခါ မိုးစပါးစိုက်ဧက ၅၀၄၉၃ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေးနှင့် စပါးစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် တောင်သူများအား နှစ်စဉ်မျိုးသန့် မျိုးစေ့ပံ့ပိုးခြင်း၊ ဘောင်ပျိုးစနစ်ဖြင့် (၂၀)ဧက၊ ပျိုးထောင်ရွေ့ပြောင်းခြင်း ရိုးရိုးဖြင့် (၇၅၅၄) ဧက၊ မျိုးစေ့ချကိရိယာဖြင့် (၄၁၄၀) ဧကနှင့် ကြဲခင်း (၃၈၇၇၉) ဧက စုစုပေါင်း မိုးစပါးစိုက်ဧက (၅၀၄၉၃)ကို ဇွန်လကုန်ထိ စိုက်ပျိုး ပြီးစီးပြီဖြစ်ကြောင်းနှင့် စံပြကွက်များကို ဖော်ဆောင်လျက်ရှိကြောင်း၊ မြေဆီလွှာတွင် အာဟာရဓာတ်ပါဝင်မှု စစ်ဆေးပြီး ဓာတ်မြေဩဇာနှုန်းထား ထောက်ခံချက်ပေးခြင်း၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ခြင်း နည်းစနစ်များ လက်တွေ့ပြသခြင်းနှင့် ကင်းထောက် စစ်ဆေးခြင်း၊ သွင်းအားစုဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချ ဖြန့်ဝေပေးခြင်း၊ စိုက်ပျိုးနည်းပညာ အသိပညာပေးခြင်း လုပ်ငန်းများအား တောင်သူများနှင့် တွေ့ဆုံ၍ ကွင်းတာဝန်ခံများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှ ဦးစီးမှူး ဦးငြိမ်းချမ်းကျော်က ပြောသည်။
မုဒုံမြို့နယ်တွင် မိုးရာသီ၌ တောင်သူများက မိုးစပါးများကို အဓိကအားထား စိုက်ပျိုးကြပြီး ယခုနှစ်တွင် မိုးစပါးစိုက်ဧက ၇၅၆၆၅ ဧကကို စိုက်ပျိုးရန် လျာထား၍ ယခုအခါ မိုးစပါး စိုက်ဧက ၅၀၄၉၃ ဧကအား စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ရာမည (ပြန်/ဆက်)