မုဒုံ ဇူလိုင် ၉
မွန်ပြည်နယ်၊ မုဒုံမြို့တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း ရွေးကောက်တင်မြှောက် ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မုဒုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနာယကမှ အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ် ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌမှ ဆန်စက်လုပ်ငန်းရှင်များ အသင်း ရွေးကောက်တင်မြှောက်ရခြင်း စည်းမျဥ်းစည်းကမ်းများ၊ တာဝန်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မုဒုံမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ဆန်စက်လုပ်ငန်းရှင်များအား လိုအပ်သည်များကို မှာကြားပြီး တက်ရောက်လာသည့် နာယက၊ မွန်ပြည်နယ် ဆန်စက် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများမှ ဦးဆောင်၍ ၂၀၂၅ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိ ဆက်လက်တာဝန်ယူဆောင်ရွက်မည့် မြို့နယ်အမှုဆောင်အဖွဲ့အား စိစစ်ရွေးချယ်ပေး၍ အသင်းသားအားလုံးတို့၏ အတည်ပြုချက်ရယူကာ ဖွဲ့စည်းပေးခဲ့သည်။
အဆိုပါအမှုဆောင်အသစ်အဖွဲ့ကို မုဒုံမြို့နယ်ဆန်စက်လုပ်ငန်းရှင်များအနက်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ ၁/၂၊ အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူး ၁/၂ ၊ ဘဏ္ဍာရေးမှူး ၊ တွဲဖက်ဘဏ္ဍာရေးမှူး ၊ စာရင်းစစ်၊ တွဲဖက်စာရင်းစစ် (၁၀) ဦးနှင့် အဖွဲ့ဝင် (၃) ဦး စုစုပေါင်း (၁၃) ဦးတို့ဖြင့် ရွေးချယ် ဖွဲ့စည်းခဲ့ပါကြောင်း သိရှိရသည်။
ရာမည