အထက်မင်းလှ ဇူလိုင် ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာရှိ ကျေးရွာနေပြည်သူများအား တိုင်းရင်းဆေးကုဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပန်းတော်ပြင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မင်းလှမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံက တိုင်းရင်းဆေးအကြောင်းသိကောင်းစရာ၊ တစ်ကိုယ်ရည်သန့်ရှင်းရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်း၊ မိမိတို့ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနေသည့်အခြေအနေများအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တိုင်းရင်းဆေးမှူး ဒေါ်အေးမိစံနှင့် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်စုမာဖြိုးတို့က ကျေးရွာနေပြည်သူ ကျား ၂၅ ဦး၊ မ ၄၀ ဦး၊ စုစုပေါင်း ၆၅ ဦးအား ရောဂါလက္ခဏာများ ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည့် ဆေးဝါးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဝင်းမြတ်(အထက်မင်းလှ)