မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာ၀န်ကြီး ဦးအောင်ချိန်၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးအစည်းအဝေး(၁/၂၀၂၅-၂၀၂၆) အခမ်းအနားတက်ရောက်

မကွေး ဇူလိုင် ၁

မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ မှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီ အစည်းအဝေးကို ယနေ့နံနက် ၉ နာရီက အဆိုပါတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများသည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးမြှင့်တင်မှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအရေးပါသော အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပြီး နိုင်ငံတော်အစိုးရအနေဖြင့်လည်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဦးစီးမှူး ဒေါ်စုစုခိုင်က (၁/၂၀၂၅-၂၀၂၆) အစည်းအဝေးတွင် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်များမှ လုပ်ငန်းမှတ်ပုံတင်ခွင့် ပြုချထားပေးနိုင်ရေးအတွက် လျှောက်ထားလာမှုအခြေအနေအား Power point ဖြင့် အသေးစိတ်ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် လုပ်ငန်းမှတ်ပုံတင်စိစစ်ဆုံးဖြတ်ရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အစည်းအဝေးတွင် တင်ပြလျှောက်ထားလာသော အိမ်တွင်းစက်မှုလက်မှုလုပ်ငန်းရှင်(၈၇)ဦး၏ အချက်အလက်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ အထောက်အထားအချက်အလက် ပြည့်စုံမှန်ကန်မှု ရှိ/မရှိ စိစစ်၍ လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုချထားပေးနိုင်ရေး အတည်ပြုဆုံးဖြတ် ဆောင်ရွက်ပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၀င် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က နိဂုံးချုပ်အမှာစကားပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်ဆက်)