ရေဦးတွင် ငလျင်ဘေးရေ‌ဘေးအန္တရာယ် အသိပညာပေး‌ ဟောပြောခြင်းနှင့် အရေးပေါ်ကယ်ဆယ်ရေး သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်

ရေဦး ဇွန် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ်၊ မီးသတ်ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေး၊ ရေဘေးအန္တရာယ် အသိပညာပေး ဟောပြောခြင်းနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေး သဏ္ဌာန်တူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အခြေခံပညာဦးစီးဌာန ဆရာ၊ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်ကိုနိုင်က ငလျင်ဘေး အန္တရာယ်အကြောင်း၊ မီးဘေးအန္တရာယ် ဖြစ်ပေါ်လာမှု၊ ငလျင်လှုပ်စဉ် ပြုမူနေထိုင်ကြရမည့် လုပ်ငန်းလမ်းစဉ်များ၊ ရေဘေးအန္တရာယ်အတွက် အသက်ကယ်ပစ္စည်းများ အသုံးပြုနည်းများ၊ ရေဘေးအန္တရာယ် မဖြစ်ပွားမီ‌၊ ဖြစ်ပွားဆဲနှင့် ဖြစ်ပွားပြီးနောက်ပိုင်း ဆောင်ရန်ရှောင်ရန်နှင့် လိုက်နာရမည့် အချက်များကို အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းကို ဆောင်ရွက်ခဲ့ရာတွင် မီးသတ်ဦစီးဌာန၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ လူမှုကူညီ‌ရေးအသင်းနှင့် NGO အဖွဲ့များ၊ ကျောင်းသား၊‌ ကျောင်းသူများ ပူးပေါင်း၍ ငလျင်လှုပ်ခတ်ချိန် ကျောင်းသားကျောင်းသူများ ဘေးလွတ်ရာသို့ ထွက်ခွာခြင်း၊ ဒဏ်ရာရရှိသူများအား မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေး၀န်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့တို့မှ ယာယီဆေးခန်းသို့ ပို့ဆောင်ခြင်း၊  သူနာပြုများက ကုသပေးခြင်း၊  ဆေးရုံဆေးခန်းသို့ ပို့ဆောင်ပေးခြင်း၊ မီးလောင်မှုအား မီးသတ်ဆေးဘူး၊ ရေစိုအဝတ်တို့ဖြင့် မီးငြှိမ်းသတ်ခြင်းနှင့် Rescue Tool အသုံးပြုမှု သရုပ်ပြသခြင်း၊ မီးငြှိမ်းသတ်ယာဥ်ဖြင့် မီးငြှိမ်းသတ်နိုင်မှု စွမ်းရည်ပြသ‌ခြင်းအား မီးသတ်တပ်ဖွဲ့ဝင်များနှင့်  ပူးပေါင်းပါဝင် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

သန်းသန်း (ရေဦး)