ကန့်ဘလူ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ဇွန် ၂၇ ရက် နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ညောင်အိုင် ဒေါက်တာဉာဏဝရခန်းမ၌ ကျင်းပသည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် ခရိုင်မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးချမ်းငြိမ်းစိုးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအကြောင်းများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က မြန်မာနိုင်ငံတွင် ဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်အမျိုးအစားများအကြောင်းကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးချမ်းဇော်က ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် ငလျင်လှုပ်ခတ်နေစဥ်အတွင်း ဝပ်၊ ကာ၊ ကိုင်ပုံစံဖြင့် နေထိုင်ပုံကို သရုပ်ပြသခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများကလည်း လက်တွေ့သရုပ်ပြလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်နှင့် ပိုစတာများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက လက်ခံရယူခဲ့ကြောင်းနှင့် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် အသိပညာပေးစာအုပ်စာစောင်များနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)