စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားနှင့် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၂၈

ပြည်သူများအနေဖြင့် သစ်တောသစ်ပင်များ၏တန်ဖိုးကို နားလည်မြတ်နိုးသည့် စိတ်ဓာတ်ဖြစ်ပေါ်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ဂေဟစနစ်ညီညွှတ်မျှတစေရေး၊ ရာသီဥတုကောင်းမွန်ရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒအကျိုးများရရှိစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် ပြည်ထောင်စုလမ်းမှ ချင်းတွင်းမြစ်တာရိုး ချင်းတွင်းလမ်းအထိ စိန်ပန်းဝါလမ်းအရှည် - ၅၂၀၀ ပေရှိ လမ်းဘေးဝဲယာ၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်အခမ်းအနားကို ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဝန်ထမ်းများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊  မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က စိန်ပန်းကြီးပျိုးပင်အားလည်းကောင်း၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မုံရွာမြို့ပေါ်ရှိ တက္ကသိုလ်/ဒီဂရီကော်လိပ်များမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျာင်းသူများ၊ ရပ်ကွက်နေပြည်သူများက သက်မှတ်နေရာများတွင် အရိပ်ရပျိုးပင်များအား စိုက်ပျိုးပေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပေးနေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာကြသည့် ရပ်ကွက်နေပြည်များနှင့် ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား အရိပ်ရပျိုးပင်များအား အခမဲ့ဖြန့်ဝေပေးခဲ့ကြပြီး နံနက်စာ လက်ဖက်ရည်နှင့် မုန့်များဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။

အဆိုပါ မုံရွာမြို့၊ မြို့သစ်ရပ်ကွက် စိန်ပန်းဝါလမ်းတစ်လျှောက် လမ်းဘေးဝဲယာ၌ ကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တွင် ၂ ပေနှင့်အထက် ၂ နှစ်သားအရွယ်ရှိ သစ်မျိုး ၈ မျိုး၊ စုစုပေါင်းပျိုးပင်ပေါင်း ၁၂၅၀ ပင်အား စိုက်ပျိုးပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အရှေ့ဘက် ကန်သာယာကန်တွင် ကျင်းပပြုလုပ်သည့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာမှ ညွှန်ကြားရေးမှူးက အရှေ့ဘက်ကန်သာယာကန်အတွင်း ငါးမျိုးစိုက်ထည့်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက အရှေ့ဘက်ကန်သာယာကန်အတွင်း ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ ၅ သောင်းအား ကန်အတွင်းသို့ လွှတ်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)