စစ်ကိုင်း ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၌ ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ (၂၈) ရက်၊ နံနက် (၈) နာရီအချိန်က စစ်ကိုင်းမြို့၊ နှစ် (၇၀၀) ဘောလုံးကွင်း၊ အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်နှင့် တက်ရောက်လာကြသူများက ငလျင်ဘေးသင့်၍ ပျံလွန်တော်မူသွားကြသော ရဟန်း၊ သာမဏေ၊ သီလရှင်များနှင့် ကွယ်လွန်သွားကြသော လူပုဂ္ဂိုလ်များအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တစ်မိနစ် မတ်တပ်ရပ်ငြိမ်သက်ခဲ့ကြသည်။
ဆက်လက်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးတို့က အမှာစကားများ ပြောကြားကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုများအား ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခင်မောင်အေးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်တို့က ငလျင်ဘေးသင့်ပြည်သူများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၀၁) ခုကို လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန စစ်ကိုင်းခရိုင်ဦးစီးမှူး ဦးညီညီဇော်က အိမ်ထောင်စုလူဦးရေစာရင်း (၁၆) ခုကိုလည်းကောင်း ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် တာဝန်ရှိသူများက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနက ပေးအပ်သည့် ထောက်ပံ့ရေးပစ္စည်းများကိုလည်း ငလျင်ဘေးသင့်ပြည်သူများအား လက်ရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
နေလင်းအောင်(ပြန်/ဆက်)