မုံရွာ ဇွန် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅)ကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/ယင်းမာပင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က တိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များအနေဖြင့် တိုင်းဒေသကြီးအတွင်း အကာင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ဒေသတည်ငြိမ်အေးချမ်းရေး၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ MSMEs လုပ်ငန်းများအား အောင်မြင်အောင် အလေးထားပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဌာနဆိုင်ရာများနှင့် စီမံအုပ်ချုပ်ရေးအဖွဲ့များမှ မိမိတို့တာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မိမိတာဝန်ကျရာ ခရိုင်/မြို့နယ်များအား ယခင်ဖွံ့ဖြိုးမှုများထက် ပိုမိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ငန်းများအပေါ် စေတနာထားကာ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် မိမိတို့တိုင်း ဒေသကြီးအစိုးရအဖွဲ့တို့မှ ပေးအပ်ထားသည့် လုပ်ငန်းတာဝန်ရှိများအား ကိုယ်စွမ်းဉာဏ် စွမ်းရှိသ၍ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပေါင်းစပ်ညှိနှိုင်းကာ မိမိတာဝန်အား မိမိကျေပွန်စွာဖြင့် လုပ်ငန်းများဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ မိမိတို့ဌာနများအလိုက် ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် MSMEs လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများ အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုင်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ ကောလင်းခရိုင်၊ ကန့်ဘလူခရိုင်၊ ခန္တီးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ ရေဦးခရိုင်၊ မော်လိုက်ခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ် ဖြင့်လည်းကောင်း၊ မုံရွာခရိုင်/ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မိမိတို့ခရိုင်အလိုက် မြို့နယ်များအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုလုပ်ငန်း အခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ဒေသတည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ လိုအပ်သည်များကို ဖြည့်စွက် ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အစည်းအဝေးသို့ တက်ရောက်လာသူများ၏ ရှင်းလင်းဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်း ပေါင်းစပ်ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)