ပေါင် ဇွန် ၂၆
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ မုတ္တမကျေးရွာတွင် ဇွန် ၂၄ ရက်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူများ အမှိုက်စနစ်တကျ စွန့်ပစ်တတ်ရေးနှင့် လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းကို အဆိုပါကျေးရွာရှိ မဂဒူးခန်းမ၌ ပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောရာတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်က အမှိုက်များကို စနစ်တကျစွန့်ပစ်တတ်ရန်၊ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်ခြင်းနှင့် အမှိုက်ပုံးအရောင် သတ်မှတ်တတ်စေရန်၊ အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်နှင့် ဘေးအန္တရာယ်ရှိအမှိုက် စသည်တို့ကို အမျိုးအစားအလိုက် စွန့်ပစ်တတ်စေရန်ရည်ရွယ်၍ ယခုလိုအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပေါင်မြို့နယ် ဥပဒေအရာရှိ ဦးမျိုးထက်ကျော်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေ အသိပညာပေးဟောပြောပြီး မုတ္တမရဲစခန်းမှ ဒုရဲအုပ်အောင်နိုင်ဝင်းက လူကုန်ကူးခံရသည့်ဆိုးကျိုးများကို ပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဥပဒေအရာရှိ၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ မုတ္တမရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာသူ၊ ကျေးရွာသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)