အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)၌ ဥပဒေအသိပညာပေးဟောပြောပွဲ ကျင်းပ

မော်လမြိုင် ဇွန် ၂၅ 

အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)မှ ကျောင်းအုပ်ကြီးနှင့်ဆရာ/မများ၊ ဝန်ထမ်းများနှင့် ထို့ကျောင်းတွင် တက်‌ရောက်ပညာသင်ကြားနေသော Grade 10, 11, 12 ကျောင်းသား၊ ကျောင်းသူများအား ဥပဒေရေးရာနှင့်ပတ်သက်သည့် အသိပညာများကိုသိရှိနိုင်ရန် အသိပညာပေးဟောပြောပွဲကို ဇွန်လ ၂၄ ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း (‌မော်လမြိုင်) သင်တန်းခန်းမ၌ ကျင်းပ​​ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)ကျောင်းအုပ်ကြီးက အဖွင့်အမှာစကားပြောကြားပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်က ဥပဒေပညာဘာသာရပ်သည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် ပညာဘာသာရပ်တစ်ခုဖြစ်ကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် ဥပဒေပညာဘာသာရပ်ကို သိရှိလိုက်နာစောင့်ထိန်းကြရသည့် ပြဋ္ဌာန်းသတ်မှတ်ထားသော စည်းကမ်းကျင့်စဉ်ကြီးတစ်ရပ်ဖြစ်ကြောင်း၊  ဥပဒေပညာဘာသာရပ်ကို လူတိုင်းသိအပ်၊ တတ်အပ်သော ပညာရပ်ဟုဆိုရမည်ဖြစ်ရာ နိုင်ငံသားတိုင်းသည် နိုင်ငံတော်ကထုတ်ပြန်ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေများကို လေးစားလိုက်နာစောင့်ထိန်းကြရမည်ဖြစ်ကြောင်း၊ ဥပ‌ဒေနှင့်ငြိစွန်းသော ကိစ္စရပ်များကို လူတိုင်း မပြုလုပ်ကြရန် အလေးထားရှောင်ရှားကြရမည်ဖြစ်ကြောင်း၊ ဥပဒေသည် နေရာတိုင်းတွင်ရှိသည့်အတွက် ဥပဒေအသိပညာပြန့်ပွားပေးရခြင်းမှာ ကျောင်းသား/သူများ ဥပဒေအသိပညာဗဟုသုတများတိုးပွားစေရန်နှင့် ဥပဒေအသိအမြင်၊ ဥပဒေအတွေးအခေါ်၊ ဥပဒေစိတ်ထားများ၊ ဥပဒေစကားများ ပိုမိုပေါ်ထွန်းလာစေရေးတို့အတွက်ရည်ရွယ်ပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ ဥပဒေအခြေခံ သဘောတရားများ၊ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေ၊ လောင်း ကစားဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေတို့ကို ဟောပြောပို့ချခဲ့ပြီး ကျောင်းသား/သူများက သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ်ဦးမြင့်‌အောင်က အစိုးရနည်းပညာအထက်တန်းကျောင်း(မော်လမြိုင်)စာကြည့်တိုက်အတွက် ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် ပြည်ထောင်စုဝန်ကြီးဌာနများက ထုတ်ပြန်ခဲ့သောဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်နှင့်ကြေညာချက်များ (၁၉၄)မျိုးနှင့် ရာဇသတ်ကြီးစာအုပ်တို့ကို ကျောင်းအုပ်ကြီးဦးသန်းထိုက်အောင်ထံသို့ ပေးအပ်လှူဒါန်းခဲ့သည်။

အဆိုပါဟောပြောပွဲသို့ မွန်ပြည်နယ်ဥပဒေချုပ်ရုံးမှ ပြည်နယ်ဥပဒေအရာရှိ၊ လက်ထောက် ပြည်နယ်ဥပဒေအရာရှိ၊ မော်လမြိုင်ခရိုင်ဥပဒေအရာရှိနှင့်  အစိုးရနည်းပညာ အထက်တန်းကျောင်း(မော်လမြိုင်)မှကျောင်းအုပ်ကြီး၊ ဌာနမှူး၊ ဆရာ/မများ၊ ဝန်ထမ်းများ(၄၀)ဦး၊ ကျောင်းသား/သူ(၂၁၇)ဦး စုစုပေါင်း(၂၅၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)