မြောင်းမြ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၃၈)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀း၀၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြမြို့နယ်၊ အ.ထ.က (၃) ကျောင်း၊ အ.လ.က ဘုရားချောင်း (ရပ်) ကျောင်းနှင့် အ.မ.ကရှမ်းကုန်းပိုင်းကျောင်းတို့မှ ကျောင်းသား၊ ကျောင်းသူလေးများက ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး အမှတ်ပေးဒိုင်အဖွဲ့မှ စစ်ဆေးအကဲဖြတ်ခြင်းများ ဆောင်ရွက်ခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က ပြပွဲ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး (၃၈) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက်မြောင်းမြခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွန်းအောင်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲများ၌ ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို မြောင်းမြခရိုင် ဒုခရိုင်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ(၆၅)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)