ရေးမြို့နယ်၌ အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြ

ရေး ဇွန် ၂

မွန်ပြည်နယ်၊ ရေးမြို့နယ်၌ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစို‌ပြည်ရေးနှင့် စွန့်ပစ်ပစ္စည်းများ စနစ်တကျစွန့်ပစ်တတ်စေရေးတို့အတွက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဇွန် ၂၀ ရက်က အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကို ရန်ကြီးအောင် အရန်မီးသတ်စခန်းတွင် ဆောင်ရွက်သည်။

အခမ်းအနားသို့ ရေးမြို့နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့်၊ ရေးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ (ခေတ္တ) မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲနီထွန်း၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာ/ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ထက်ဝါဝါမှူးက လူမှုပတ်ဝန်းကျင်အသီးသီး၌ ပြည်သူလူထုပူးပေါင်းပါဝင်မှုဖြင့် အမှိုက်ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများ ရရှိရေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြပွဲဆောင်ရွက်ရခြင်း ရည်ရွယ်ချက်၊ မိမိပတ်ဝန်းကျင်၌ အမှိုက်ပမာဏ/ ပလတ်စတစ်ညစ်ညမ်းမှုလျှော့ချပေးနိုင်ခြင်း၊ ပလတ်စတစ်အစားထိုးပစ္စည်းများ ပြောင်းလဲအသုံးပြုခြင်းနှင့် ပြန်လည်တီထွင်အသုံးပြုနိုင်ခြင်းတို့အပြင် သက်ရှိသတ္တဝါများအတွက် အစာကွင်းဆက်ကောင်းမွန်စေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဟောပြောသည်။

ထို့နောက် အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြားခြင်း၊ ခွဲခြားစွန့်ပစ်ရမည့်အမှိုက်များအား သတ်မှတ်အရောင်အမှိုက်ပုံးအတွင်း စနစ်တကျစွန့်ပစ်ရေးလက်တွေ့သရုပ်ပြခြင်း ဆောင်ရွက်ပေးပြီး “စနစ်တကျအမှိုက်ခွဲခြားစွန့်ပစ်ရေး” အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှင်းသန့်ဖြူ