ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ကျိုက်ထို ဇွန် ၂၃

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ လူငယ်များအသင်း Youth Club တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအဖြစ် စာရေးဆရာ တက္ကသိုလ် ဘုန်းနိုင်ရေးသားသည့် “တပြည်သူမရွှေထား” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန်းသန်း‌မော်က စာဖတ်ရှိန်မြှင့်မားလာစေရန်အတွက်  ပြင်ပစာပေ၊ ဗဟုသုတများကို လေ့လာဖတ်ရှုကြ‌စေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးမှုရှိစေရန်၊ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊ စာပေမှတစ်ဆင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် Youth Club အဖွဲ့မှ အဖွဲဝင်မမေမြတ်မင်းနှင့် မောင်ဘုန်းတေဇာနိုင်တို့က အဆိုပါ စာအုပ်ပါအကြောင်းအရာများကို ကဏ္ဍအလိုက် အသီးသီးဆွေးနွေးရာ တက်‌ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခြင်းဖြင့် လူငယ်များအနေဖြင့် စာပေကို စိတ်ဝင်စားမှုရှိလာစေရန်၊ အစုအဖွဲ့အတွင်း ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်များ ရရှိစေရန် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)