အုတ်တွင်းမြို့နယ် အခြေခံပညာ မူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ပြုလုပ်

အုတ်တွင်း ဇွန် ၂၁

ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်အုတ်တွင်းမြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ()နာရီအချိန်က အခြေခံပညာ မူလတန်းလွန်(ကသစ်တန်း)ကျောင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် အုတ်တွင်းမြို့နယ် ကြက်ခြေနီအသင်းခွဲ၊ ဒုတိယတပ်ဖွဲ့မှူး ဒေါ်ခင်ဖုန်းမြင့်က မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ အကြောင်းအရာများမှ ဖုံး၊ သွန်၊ လဲ၊ စစ် အကြောင်းနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရန် ယင်နားစာများအပါအဝင် မသန့်ရှင်းသောအစားအစာစားသုံးခြင်းကို ရှောင်ကြဥ်ရန်၊ သောက်ရေသန့်(သို့မဟုတ်) ရေကိုကျိုချက်၍သောက်ရန်၊ လက်သန့်စင်ရေးနှင့် တကိုယ်ရေသန့်ရှင်းရေးဂရုပြုရန်၊ ယင်လုံအိမ်သာသုံးစွဲရန်၊ အမှိုက်များကိုစနစ်တကျစွန့်ပစ်ရန်၊ ရောဂါလက္ခဏာများခံစားရပါက နီးစပ်ရာကျန်းမာရေးဌာနများနှင့် ပြည်သူ့ဆေးရုံသို့ အမြန်ဆုံးသွားရောက်ပြသရန် စသည့်အကြောင်းအရာများကို ရှင်းလင်းဟောပြောပေးခဲ့ပြီး ကျောင်းသား/ကျောင်းသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်းခွဲ၊ ဒုတိယတပ်ဖွဲ့မှူးမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ခင်ခင်မာ(ပြန်/ဆက်)