သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရေပြင်ကယ်ဆယ်ရေး လက်တွေ့သရုပ်ပြသလေ့ကျင့်ခြင်း လွိုင်ကော်တွင်ပြုလုပ်

လွိုင်ကော် ဇွန် ၂၁

ကယားပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာပါက တုံ့ပြန်ဆောင်ရွက်နိုင်ရေး ရေပြင်ကယ်ဆယ်ရေး လက်တွေ့သရုပ်ပြသလေ့ကျင့်ခြင်းအခမ်းအနား ဇွန်လ ၁၈ ရက်နေ့ နံနက်က လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်၊ နောင်ယားကန်သာတွင် ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုလို သဏ္ဍာန်တူသရုပ်ပြလေ့ကျင့်ခြင်းသည် ရေကြီးရေလျှံဘေးအန္တရာယ် ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်၍ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းစဉ်များ၌ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းပကားနှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များ အနေဖြင့် စွမ်းဆောင်ရည် ပြည့်ဝစေရန် အစဉ်ကြိုးပမ်းလေ့ကျင့် ဆောင်ရွက်နေရမည်ဖြစ်ပါကြောင်း၊ ယခု မိုးဦးကာလနှင့် မိုးနှောင်းကာလအတွင်း မိုးသည်းထန်စွာရွာသွန်းမှု၊ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်သည့်အတွက် တပ်ဖွဲ့ဝင်များအနေဖြင့် အသင့်ပြင်ဆင်ထားကြရန်လိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် စက်လှေမောင်းသင်တန်း အမှတ်စဉ် (/၂၀၂၅)သို့ တက်ရောက်ထားသော သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်များက စက်လှေ မောင်းစွမ်းရည်ပြသခြင်း၊ Life  Buoy အဝေး ထိန်းခလုတ်ဖြင့် လက်တွေ့မောင်းနှင်ခြင်း၊ Life  Buoy အား ကယ်ဆယ်ရေးသမားများ လိုက်ပါ၍ စီးနင်းမောင်းနှင်ခြင်း၊ ရေကြီးမှုများကြောင့် သွားလာ၍မရသော တစ်ဖက်ကမ်းမှ ပြည်သူများအား အသက်ကယ်လှေ Life  Buoy အသက်ကယ်ကြိုးများကို အသုံးပြု၍ ပြည်သူများအား ဘေးလွတ်ရာသို့ ပို့ဆောင်ပေးခြင်း၊ ရေကြီးမှုကြောင့် ခေါ်ဆောင်လာစဉ် လှေပေါ်မှ ပြုတ်ကျသည့် ပြည်သူများအား အသက်ကယ်လှေ၊ အသက်ကယ်ဘောကွင်း၊ Life  Buoy အသုံးပြု၍ ကယ်ဆယ်ခြင်းစသည့် လက်တွေ့သရုပ်ပြသခြင်းတို့ကို  ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရေပြင်ကယ်ဆယ်ရေး လက်တွေ့သရုပ်ပြသခဲ့သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များအား အားပေးအမှာစကားပြောကြားပြီး ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ရာ မီးသတ်တပ်ဖွဲ့ဝင်များကိုယ်စား ခရိုင်မီးသတ်ဦးစီးမှူးကလည်းကောင်း၊ ဒေသကွပ်ကဲရေးမှူးက အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကိုပေးအပ်ရာ ကိုယ်စားလှယ်အသီးသီးကလည်းကောင်း လက်ခံရယူခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများသည် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)