လွိုင်ကော် ဇွန် ၂၀
ကယားပြည်နယ်အစိုးရအဖွဲ့က ၂၀၂၅-၂၀၂၆ ပညာသင်နှစ် စိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြှင့်ငွေ၊ အခြေခံစားကုန်များနှင့် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ဇွန် ၁၆ ရက်နေ့နံနက်က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း နွယ်သာကီခန်းမ၌ ကျင်းပသည်။
အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျောင်းအား နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားဘဝတိုးတက်မြင့်မားရေး၊ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နောင်တစ်ချိန်တွင် မိမိပြည်နယ်အကျိုးဆောင်ရွက်နိုင်သည့် စိုက်ပျိုး၊ မွေးမြူရေး၊ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ရည်မှန်းချက်ထားပြီး ကြိုးစားကြရန်လိုကြောင်း၊ ဆရာ၊ ဆရာမများကလည်း ခေတ်မီစိုက်ပျိုး၊ မွေးမြူရေးပညာများကို မပြတ်လေ့လာပြီး စာတွေ့လက်တွေ့သင်ခန်းစာများအား ကျောင်းသား၊ ကျောင်းသူများကို လက်ဆင့်ကမ်းသင်ကြား ပေးနိုင်သည့်သူများဖြစ်အောင် ကြိုးစားပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြင့်ငွေနှင့်အခြေခံစားကုန်များကို ပေးအပ်ရာ ပြည်နယ်ပညာရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့ကလည်းကောင်း၊ ကျောင်းသုံးစာရေး ကိရိယာများကို ပေးအပ်ရာ ကျောင်းသား၊ ကျောင်းသူကိုယ်စားလှယ်များကလည်းကောင်း လက်ခံရယူကြသည်။ ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက Grade-11 ကျောင်းသား၊ ကျောင်းသူများအတွက် ချီးမြင့်ငွေနှင့် ကျောင်းသုံးစာရေး ကိရိယာများကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီးက Grade-10ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍ စေတနာရှင်၊ အလှူရှင်များက စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းအတွက် လှူဒါန်းငွေများ ပေးအပ်ကြရာ စီးပွားရေးရာဝန်ကြီးနှင့် ကျောင်းအုပ်ကြီးတို့က လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် ကျောင်းအုပ်ကြီးတို့က ကျောင်းဖွင့်လှစ်သင်ကြားနေမှု အခြေအနေများအား ရှင်လင်းတင်ပြခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်အား လှည့်လည်ကြည့်ရှုကာ ကျောင်းသား၊ ကျောင်းသူများအား စာကြည့်တိုက်တွင် ပုံမှန်စာပေဖတ်ရှုနိုင်ရေးနှင့် စာအုပ်စာစောင်များ ဖြည့်တင်ပေးနိုင်ရေး ဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကာ ကျောင်းသား၊ ကျောင်းသူများနှင့် နေ့လယ်စာအတူတကွ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)