လွိုင်ကော် ဇွန် ၂၀
ကယားပြည်နယ်အတွင်း လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေး စသည့်ကဏ္ဍပေါင်းစုံအား အဘက်ဘက်မှ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ၊ ရာအိမ်မှူးများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ တွေ့ဆုံပွဲအခမ်းအနားကို ဇွန် ၁၇ ရက်နေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ မြို့နယ်ခန်းမ၌ ကျင်းပသည်။
အခမ်းအနား၌ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအခြေအနေများ၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကိစ္စရပ်များ၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကိစ္စရပ်များ၊ လွိုင်ကော်မြို့အား စိမ်းလန်းသောမြို့၊ သန့်ရှင်းသောမြို့အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေသည့် အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး၊ လောင်းကစားမှုများပပျောက်ရေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာရေးနှင့် တရားမဝင်လိုင်စင်မဲ့ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်စီးနင်းမှုမရှိစေရေး၊ ကောက်ခံရမည့် အခွန်၊ အခ၊ အကောက်များ အပြည့်အဝကောက်ခံရရှိရေး၊ နိုင်ငံခြားသားများ တရားမဝင်နေထိုင်မှုမရှိစေရေးကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးမှာကြားခဲ့ပြီး သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်စုများအလိုက် အဆိုပါလုပ်ငန်းစဉ်များတွင် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်ရန် မှာကြားသည်။
ဆက်လက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်နယ်ဥပဒေချုပ်က ဥပဒေရေးရာဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးက ဌာန၏ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် လွိုင်ကော်နှင့် ဒီးမော့ဆိုခရိုင်အုပ်ချုပ်ရေးမှူးတို့က ခရိုင်အလိုက် ရုံးလုပ်ငန်းများ ဆောင်ရွက်မှု၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်မှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုများအား အသီးသီးရှင်းလင်းတင်ပြကြခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများက မိမိတို့ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ လျှပ်စစ်မီးနှင့် သောက်သုံးရေရရှိရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ၊ ရပ်ရွာများအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးလုပ်ငန်းများအား ပူးပေါင်းပါဝင်ဆောင်ရွက်ရမည့် အခြေအနေများနှင့် ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အသီးသီးတင်ပြခဲ့ကြသည်။ ထို့နောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)