နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းအဆင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

နတ်မောက် ဇွန် ၁၉

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ကလေးစာဖတ်ခန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အလယ်တန်းအဆင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်သင်းသင်းဝေ(ဒုတိယဦးစီးမှူး)က လူငယ်လူရွယ်များ စာပေဗဟုသုတများသိရှိနားလည်ပြီး ဉာဏ်ရည်ထက်မြတ်သည့် ဘက်စုံထူးချွန်သော လူရည်မွန်၊ လူရည်ချွန်များဖြစ်လာစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်လာစေရန်၊ နှုတ်မှုစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ ပြိုင်ပွဲကျင်းပရာတွင် အလယ်တန်းဆင့် ကျောင်းသား/သူ (၂၀)ဦးမှ မိမိတို့နှစ်သက်သည့် ခေါင်းစဉ်များဖြင့် စာဖတ်စွမ်းရည်ပြိုင်ပွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား/သူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/မများက ဆုများအသီးသီး ချီးမြှင့်ပေးခဲ့သည်။    

နတ်မောက်မြို့နယ်ရုံးအနေဖြင့်် ကလေးငယ်များ အားလပ်သည့်အချိန်တွင် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ ပန်းချီရေးဆွဲခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲများ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။    

လှဝင်း