သာယာဝတီမြို့နယ် အ.ထ.က(စံရွေး)ကျောင်း၌ ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

သာယာဝတီ   ဇွန်   ၁၈

ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ သာယာဝတီမြို့နယ် အ.ထ.က(စံရွေး)ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် သာယာဝတီခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာမိုးက ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံးပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် တင်္ခနုပ္ပတ္တိဉာဏ်များ ဖွံ့ဖြိုးရှင်သန်စေရန်၊ နှုတ်မှုရေးရာ စွမ်းဆောင်ရည်များ မြင့်မားလာစေရန်၊ ကောင်းသောယှဉ်ပြိုင်မှုမှတစ်ဆင့် မိမိ၏ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းအားထုတ်တတ်စေရန်၊ အသိပညာဗဟုသုတတွေကို စဉ်ဆက်မပြတ် လေ့လာဆည်းပူးသည့် အလေ့အကျင့်များ ဖြစ်ပေါ်လာစေရန်နှင့် အနာဂတ်နိုင်ငံ့တာဝန်များကို ထမ်းဆောင်ကြမည့် စွမ်းရည်ထက်မြက်သည့် လူငယ်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ယခုလို ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမျိုးဇော်ကိုက ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အ.ထ.က(စံရွေး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က ကျန်းမာခြင်းသည် လာဘ်တစ်ပါး၊ ယနေ့လူငယ် နောင်ဝယ်လူကြီး၊ မူးယစ်ရန်ဆွယ်တို့ကာကွယ်၊ အားကစားဖြင့်နိုင်ငံ့ဂုဏ်ကိုမြှင့်တင်စို့၊ အစဥ်ရှေးရှုမြန်မာ့ယဉ်ကျေးမှု၊ စာပေမြင့်မှလူမျိုးတင့်မည်စသည့် ခေါင်းစဉ်များဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

ဆက်လက်၍ ကျပန်းစကားပြောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ကျပန်းစကားပြောပြိုင်ပွဲသို့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၃၅၀)ဦး တက်ရောက်ကြပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

သန့်ဇော် (ပြန်/ဆက်)