ကြံခင်းမြို့ရှိ အခြေခံပညာမူလတန်းကျောင်း (အင်းလပ်အနောက်)တွင် ဗဟုသုတတိုးပွားစေရန် စာဖတ်ရှိန်မြှင့်တင်ရေး အသိအညာပေးဟောပြော

ကြံခင်း ဇွန် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွာသစ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်း(အင်းလပ်အနောက်)ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံဖြိုး တိုးတတ်စေရန်၊ ဗလငါးတန်ပြည်စုံလာစေရန်နှင့် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အဆိုပါကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာအခြေခံပညာမူလတန်းကျောင်း (အင်းလပ်အနောက်) ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးကြွယ်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတ များစွာရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အထကောင်းများရရှိစေရန်နှင့် ကျောင်းစာကြည့်တိုက်များတွင် စာပေဖတ်ရှုတတ်သောအလေ့ကျင့်များရရှိစေရန် ရည်ရွယ်ကာ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားခဲ့ပြီး​နောက် “မူးယစ်ရန်တို့ကာကွယ်” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့သည်။ ထို့နောက် Grade-5 ၊ Grade-4  ကျောင်းသား၊ ကျောင်းသူများအား လူအများရှေ့ပြောဆိုတတ်သည့် အလေ့အထဖြစ်စေရန် မိမိကြိုက်နှစ်သက်ရာ ပုံပြင်စာအုပ်ဖြင့် ပုံပြင်ဖတ်ခြင်း၊ စကားပုံဆက်ခြင်းနှင့် KG ကျောင်းသား၊ ကျောင်းသူများအား ကဗျာရွှတ်ဆိုခြင်းတို့ကို ပြုလုပ်ပေးခဲ့ပြီး အမှတ်တရလက်ဆောင်ပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းအုပ်ဆရာမကြီးထံသို့ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာကြည့်တိုက်တွင် ဖတ်ရှုနိုင်ရန် ပုံပြင်၊ ကဗျာစာအုပ်များ လှူဒါန်းပေးခဲ့သည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်ပြပွဲနှင့် မူးယစ်အန္တရာယ် လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာ အသိပညာပေး နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း